ရွှေဘိုမှာ လက်နက်ကြီးနဲ့ မှားယွင်းပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ပလိုင်ရွာ စစ်ကောင်စီအထိုင်စခန်းတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yaung Ni News Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း လက်နက်ကြီးနဲ့ မှားယွင်းပစ်ခတ်ရာ အရာရှိအပါ စစ်သား (၈၀) ကျော် သေဆုံး' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၂၄ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ နှစ်သိန်းနီးပါး ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရွှေဘိုမှာ လက်နက်ကြီးနဲ့ မှားယွင်းပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ မြို့တော် ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင် ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်တွေပဲ အထိုင်ချထားတဲ့ စခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးမှုတွေ ရှိနိုင်' ဆိုတဲ့ အကြောင်းအရာကို အရာရှိအပါ စစ်သား (၈၀) ကျော် သေဆုံး ဆိုတဲ့ အချက်အလက်တွေ ထပ်မံ ဖြည့်စွက် ပြုပြင်ပြီး နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ရွှေဘိုမှာ လက်နက်ကြီးနဲ့ မှားယွင်းပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို မူရင်းပိုစ့်မှာ မဖော်ပြထားသလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
မူရင်းဖြန့်ဝေထားတဲ့ ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။