ရွေးကောက်ပွဲ အကြို နေပြည်တော် အချုပ်ထောင်က လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်ဆိုတဲ့ သတင်းအမှား
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအကြို နေပြည်တော် အချုပ်ထောင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေ ပြည်တော် အချုပ်ထောင် ရွေးကောက်ပွဲအကြို လွတ်ငြိမ်းကြေညာ။ အတိုင်ပင်ခံနဲ့ သမ္မတကြီး သတင်းရှေ့ဆုံးက ပါဝင်။ နိုင်ငံတကာဖို့ အကွက်ရွေ့ဖို့ စစ်ကောင်စီလုပ်နေပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရွေးကောက်ပွဲ အကြို နေပြည်တော် အချုပ်ထောင်က လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Public Voice Television သတင်းဌာနမှာ စက်တင်ဘာ ၂၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အာဏာရှင်အဆက်ဆက်တို့ရဲ့ မလိုမုန်းတီးစိတ်ထားဖြင့် ဘယ်လိုပင် တိုက်ခိုက်ချေမှုန်းပါစေ ပြည်သူရှိနေသရွေ့ ပါတီဆက်ရှိနေမယ်လို့ NLD ထုတ်ပြန်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အာဏာရှင်အဆက်ဆက်တို့ရဲ့ မလိုမုန်းတီးစိတ်ထားဖြင့် ဘယ်လိုပင် တိုက်ခိုက်ချေမှုန်းပါစေ ပြည်သူရှိနေသရွေ့ ပါတီဆက်ရှိနေမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပါတီတည်ထောင်ခြင်း ၃၇ နှစ် ပြည့်မြောက်နေ့ အဖြစ် ထုတ်ပြန်လိုက်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူများထဲမှ ပေါက်ဖွားလာသော ပြည်သူ့ပါတီဖြစ်သဖြင့် အာဏာရှင်အဆက်ဆက်တို့၏ မလိုမုန်းတီးစိတ်ထားဖြင့် မည်သို့ပင် တိုက်ခိုက်ချေမှုန်းဖျက်ဆီးသည် ဖြစ်စေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမည် ဖြစ်ကြောင်း ထုတ်ပြန်တယ်ဆိုပြီး ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ရွေးကောက်ပွဲ အကြို နေပြည်တော် အချုပ်ထောင်က လွတ်ငြိမ်းချမ်းသာခွင့် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Public Voice Television သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။