ရွေးကောက်ပွဲနောက်ဆုတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ချတယ်ဆိုတဲ့ သတင်းအမှား
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့အတွက် ရွေးကောက်ပွဲ နောက်ဆုန်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရွေးကောက်ပွဲ ရက်ရွေ့ဖို့ လေသံ ချက်ချင်းပြောင်းပြီ။ ကြံ့ခိုင်ရေး ပါတီ ရုံးချုပ် ဖောက်ခွဲခံရလို့ သေကုန်ပြီ ရွေးကောက်ပွဲ နောက်ဆုတ်ဖို့ မင်းအောင်လှိုင် အမိန့်ချ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရွေးကောက်ပွဲ နောက်ဆုတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရုံး လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး အင်တာနက် အသုံးပြုသူတွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကို လုပ်ကြံရေးသား ပြောဆိုနေတာပဲ ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံးကို Yangon Army မြို့ပြပြောက်ကျားတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်မှာ ပြင်းအားမြင့် မိုင်းတလုံး၊ လက်ပစ်ဗုံး ၂ လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီသတင်းနဲ့ ဆက်စပ်ပြီး ရွေးကောက်ပွဲ နောက်ဆုတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ချတယ်ဆိုတဲ့ အကြောင်းအရာကို စစ်တပ်လက်အောက်ခံ အဖွဲ့အစည်း၊ မီဒီယာတွေမှာ ဖော်ပြမထားသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။