တရုတ်စီမံကိန်းနေရာတွေ စစ်တပ်ဗုံးကြဲတယ်ဆိုတဲ့ သတင်းအမှား
တရုတ်ရဲ့ စီမံကိန်းနေရာတွေကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် တရုတ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျိန်းမောင်းနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်စီမံကိန်း စစ်တပ်ဗုံးကြဲ။ အကြီးအကျယ် ပြဿနာ တက်နေ။ မင်းအောင်လှိုင်ကို တရုတ်ကျိန်းမောင်းပြီး ရာဇသံပေးနေ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်စီမံကိန်းနေရာတွေ စစ်တပ်ဗုံးကြဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media မှာ ဩဂုတ် ၂၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်တပ်က ပြောင်းလဲ ဖွဲ့စည်းလိုက်သည့် "နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်"ကို ကနေဒါ၊ အီးယူ၊ ယူကေနှင့် အမေရိကန် တို့က ဒဏ်ခတ်အရေးယူရန် JFM တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အကြမ်းဖက် စစ်တပ်က ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ "နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မ ရှင်"ကို ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်အရေးယူပေးဖို့ Justice for Myanmar -JFM က တောင်းဆိုလိုက်ကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ နာမည်ပြောင်းလဲ လိုက်မှုဟာ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျော်လွှားနိုင်မယ့် စိုးရိမ်စရာ ကယ် ပေါက်တစ်ခု ဖြစ်ပေါ်လာကြောင်း၊ စစ်အုပ်စုဟာ သူတို့ရဲ့ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်း အဖြစ်သာမက ကျင်းပဖို့ စီစဉ်ထားတဲ့ အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ စစ်ကောင်စီကို ဖျက်သိမ်းအစားထိုးခဲ့ကြောင်း၊ လက်ရှိ စစ်ကော်မရှင်ရဲ့ “ဥက္ကဌ” “ဒုဥက္ကဋ္ဌ” တို့မှာ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန် ပြည်ထောင်စုနဲ့ သြစတြေးလျ တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့ ချမှတ်ခံထားရတဲ့ စစ်ရာဇ၀တ်ကောင်တွေ ဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ဖြစ်ပင်ဖြစ်ကြောင်း၊ စစ်ကော်မရှင်အဖွဲ့ဝင် ၁၀ ဦးစလုံးဟာ အနည်းဆုံး တရားစီရင်ပိုင်ခွင့် တစ်ခုမှာ ပိတ်ဆို့ အရေးယူခံ ထားရတယ်လို့ JFM က ထောက်ပြထားကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ တရုတ်စီမံကိန်းနေရာတွေ စစ်တပ်ဗုံးကြဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။