ဥရောပနိုင်ငံတွေကနေ တရုတ်နိုင်ငံကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေ ပိတ်သိမ်းတယ်ဆိုတဲ့ သတင်းအမှား
တရုတ်နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တဲ့ အနေနဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကနေ တရုတ်နိုင်ငံကို ပျံသန်းနေတဲ့ လေယာဉ်ခရီးစဉ်တွေကို ပိတ်သိမ်းလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Topnew TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်ပြည်အတွက်လေကြောင်း ခရီးစဥ်အကုန်လုံးကို ဖျက်သိမ်းခဲ့တဲ့ ဥရောပနိုင်ငံကြီးများ။ US၊ UK ဥရောပနိုင်ငံတွေက တရုတ်ဆီ လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပြီ။ ကမ္ဘာကြီးက တရုတ်ကို စွန့်ပစ်လိုက်ပါပြီ။ စီးပွားရေး အကျပ်ရိုက်အောင် တရုတ်ကို ပိတ်ဆို့ကုန်ပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဥရောပနိုင်ငံတွေကနေ တရုတ်နိုင်ငံကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေ ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေရာမှာ ဗီဒီယိုရဲ့ Thumbnail ကို လူစိတ်ဝင်စားဖွယ် အကြောင်းအရာ ရေးသားထားပေမယ့် ဗီဒီယိုထဲမှာတော့ စိတ်ကူးတည့်ရာ သက်သေ အထောက်အထားမရှိတဲ့ အကြောင်းအရာတွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပါ။
ဥရောပနိုင်ငံတွေကနေ တရုတ်နိုင်ငံကို ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေ ပိတ်သိမ်းတယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ နိုင်ငံတွေရဲ့ လေကြောင်းလိုင်းတွေ၊ အဖွဲ့အစည်းတွေမှာ ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ရေးသားဖော်ပြထားတာလည်း မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

လက်ရှိ ဥရောပနိုင်ငံတွေကနေ တရုတ်နိုင်ငံကို ပြေးဆဲနေတဲ့ လေကြောင်းလိုင်းတွေကို Flight Connections ဆိုတဲ့ ဝက်ဆိုက်အပြင် လေကြောင်းလိုင်းတွေအကြောင်း ပြသတဲ့ အခြားဝက်ဆိုက်တွေမှာလည်း ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
Flight Connections ဝက်ဆိုက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။