တရုတ်နဲ့ မင်းအောင်လှိုင်ကို ဒေါက်တာဇော်ဝေစိုး သတိပေးတယ်ဆိုတဲ့ သတင်းမှား
ပိုက်လိုင်းဖောက်ခွဲပြီး တရုတ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒေါက်တာဇော်ဝေစိုးနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က သတိပေးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ''တရုတ်ပိုက်လိုင်း ဖောက်ခွဲလိုက်ပြီ။ တရုတ်နဲ့ (မအလ)ကို ဒေါက်တာဇော်ဝေစိုးနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် သတိပေးလိုက်ပြီ။ နေပြည်တော် ဝင်ကြိတ်ပါပြီ'' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်နဲ့ မင်းအောင်လှိုင်ကို ဒေါက်တာဇော်ဝေစိုး သတိပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'တော်လှန်ရေးတပ်များ၏ စိုးမိုးနယ်မြေမှာ မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်လိုအပ်နေမှုကို EROs များက သဘောတူညီ လက်ခံထားဟု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မြန်မာနိုင်ငံမှာ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေဟာ မလေးရှားနိုင်ငံထက်ပင် ကြီးမားနေပြီး အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်လိုအပ်နေတာကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ( EROs) များက အခြေခံအားဖြင့် သဘောတူညီ လက်ခံထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောဆိုတယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ပိုက်လိုင်းဖောက်ခွဲပြီး တရုတ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒေါက်တာဇော်ဝေစိုးနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က သတိပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။