နောင်ချိုမြို့ အသိမ်းခံရတဲ့ နောက်ကွယ်ကဖြစ်စဉ် ဒေါက်တာတေဇာဆန်း ထုတ်ပြောတယ်ဆိုတဲ့ သတင်းအမှား
နောင်ချိုမြို့ အသိမ်းခံလိုက်ရတဲ့ နောက်ကွယ်က ဇာတ်ရှုပ်ကြီးကို ဒေါက်တာတေဇာဆန်း ထုတ်ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Doe Khit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင် ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နောင်ချိုမြို့ အသိမ်းခံလိုက်ရတဲ့ နောက်ကွယ်က ဇာတ်ရှုပ်ကြီး ဒေါက်တာတေဇာဆန်းပါ ထုတ်ပြောပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၁၂ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သိန်းကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နောင်ချိုမြို့ အသိမ်းခံရတဲ့ နောက်ကွယ်ကဖြစ်စဉ် ဒေါက်တာတေဇာဆန်း ထုတ်ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ မောင်း မီဒီယာမှာ ဇူလိုင် ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'နောင်ချိုကျဆုံးတာဟာ တော်လှန်ရေးမှာ ပြုပြင်စရာတွေ များနေကြောင်း အချက်ပေး ခေါင်းလောင်းသံလေလား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ဒေါက်တာတေဇာစန်းရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပေါ် ရေးသားခဲ့တဲ့ အကြံပြုစာ အကြောင်းကို ထည့်သွင်းရေးသားတားတာသာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ နောင်ချိုမြို့ အသိမ်းခံရတဲ့ နောက်ကွယ်ကဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ ပါဝင်တာ မရှိပါဘူး။
ဒါ့အပြင် ဒီသတင်းထဲမှာ နောင်ချိုမြို့ အသိမ်းခံရတဲ့ နောက်ကွယ်ကဖြစ်စဉ် ဒေါက်တာတေဇာဆန်း ထုတ်ပြောတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
မောင်း မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။