ခြံအမှတ် ၅၄ အမှု ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးလိုက်တယ်ဆိုတဲ့ သတင်းအမှား
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အမှုကိစ္စမှာ အနိုင်ပေးလိုက်ပြီး ဦးအောင်ဆန်းဦးကို ဖမ်းဆီးဖို့ စစ်ခေါင်းဆောင် အမိန့်ထုတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Telecon ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေစုအမှုနိုင်သွားပြီ။ ခြံအမှတ် ၅၄ လုယူရန် ကြိုးစားတဲ့အမှုဖြင့် အောင်ဆန်းဦးကိုဖမ်းရန် မအလ အမိန့်ထုက်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ခြံအမှတ် ၅၄ အမှု ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ People's Spring သတင်းဌာနမှာ စက်တင်ဘာ ၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေ၍ ရှမ်းမြောက်ဒေသခံအများစု နေရပ်မပြန်ရဲသေးဟု SSPP ထုတ်ပြန်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ရှမ်းပြည်မြောက်ပိုင်း တကြောမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အချို့ မြို့နယ်တွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူ အများစု နေရပ်မပြန်ရဲသေးဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ထုတ်ပြန်တဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ခြံအမှတ် ၅၄ အမှု ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အပါ မြေတဝက်နီးပါးကိုချန်ပြီး ကျန်မြေတဧကကို အရင်ရောင်းချရန် ဦးအောင်ဆန်းဦးက ကမာရွတ်ခရိုင်တရားရုံးမှာ မေလအတွင်းက လျှောက်ထားပါတယ်။
People's Spring သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။