NLD ဟာ အစိုးရ ဖြစ်နေဆဲလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား
NLD ဟာ အစိုးရဖြစ်နေဆဲ ဖြစ်တယ်လို့ အာဆီယံက ထုတ်ပြန်ခဲ့ပြီး နိုင်ငံအချို့က မြန်မာနိုင်ငံနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NLD ဟာအစိုးရ ဖြစ်နေဆဲဟု အာဆီယံထုတ်ပြန်။ စင်ကပူ မလေးရှား ထိုင်း မြန်မာ သံရုံးအားလုံးပိတ်သိမ်း။ စစ်အုပ်စုကို ဆက်ဆံရေး တရားဝင်ရပ်ဆိုင်း' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NLD ဟာ အစိုးရ ဖြစ်နေဆဲလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Myanmar Pressphoto Agency သတင်းဌာနမှာ စက်တင်ဘာ ၁၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အာဆီယံဝန်ကြီး ၄ ဦး၏ နေပြည်တော်ခရီးစဉ် စစ်ကော်မရှင် ကန့်လန့်တိုက်နေ၍ ရွှေ့ဆိုင်းရခြင်းဖြစ်နိုင် ဟုဆို' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး၄ဦးရဲ့ နေပြည်တော်ခရီးစဉ် ရုတ်တရက်ရွှေ့ဆိုင်းခြင်းဟာ စစ်ကော်မရှင်နဲ့ ညှိနှိုင်းလို့ မရတဲ့ တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်ကြောင်း၊ စစ်ကော်မရှင်နဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်ပြီး အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်တဲ့ နေပြည်တော် ခရီးစဉ်ကို စက်တင်ဘာ ၁၉ ရက်မှာ စတင်ဖို့ စီစဉ်ထားပေမယ့် အောက်တိုဘာလ အစောပိုင်းကို ရွှေ့ ဆိုင်းလိုက်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ NLD ဟာ အစိုးရ ဖြစ်နေဆဲလို့ အာဆီယံထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Myanmar Pressphoto Agency သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။