ကြားဖြတ်အစိုးရ ကြေညာပြီး စစ်အုပ်စုကို ပယ်ဖျက်တယ်ဆိုတဲ့ သတင်းအမှား
စစ်ကောင်စီက ကြားဖြတ်အစိုးရကြေညာပြီး စစ်အုပ်စုကိုပယ်ဖျက်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာအစိုးရ ကြားဖြတ်ကြေညာ။ ပြည်သူ့အောင်ပွဲသတင်း နိုင်ငံတကာ အတည်ပြု။ တရုတ်လည်း ပါဝင်လာပြီး စစ်အုပ်စုကို ပယ်ဖျက်လိုက်ပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကြားဖြတ်အစိုးရ ကြေညာပြီး စစ်အုပ်စုကို ပယ်ဖျက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Than Lwin Times သတင်းဌာနမှာ ဩဂုတ် ၁၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတို့ အလွတ်သဘော တွေ့ဆုံဆွေးနွေး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အန်နင်းမြို့မှာ သြဂုတ် ၁၅ ရက်က တွေ့ဆုံပြီး အလွတ်သဘော ဆွေးနွေးခဲ့ကြရာမှာ အားလုံးက မြန်မာနိုင်ငံ တည်ငြိမ်ရေး ကူညီပေးဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းတိုက်ဖျက်ရေး ကတိပြုခဲ့တယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ကြားဖြတ်အစိုးရ ကြေညာပြီး စစ်အုပ်စုကို ပယ်ဖျက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Than Lwin Times သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။