စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီး AA ပစ်ခတ်နှစ်မြှပ်တယ်ဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ စစ်ကူပို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီးကို အာရက္ခတပ်တော် AA က ပစ်ခတ်နှစ်မြှပ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit YGN ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၂၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ'ကျောက်ဖြူကို စစ်ကူပို့တဲ့ စစ်သင်္ဘောကြီးကို AA က ပစ်ခတ်နှစ်မြှုပ်လိုက်ပြီ။ စစ်အင်အား ၂၀၀ ကျော် ပင်လယ်ထဲမှာ ရေနစ်သေဆုံးကာ စစ်သင်္ဘောပါ မီးလောင်နေ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ တစ်သောင်းနီးပါးလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
ဆန်းစစ်ချက်
စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီး AA ပစ်ခတ်နှစ်မြှပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ အခြားသတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူတိုက်ပွဲနဲ့ ပတ်သက်တဲ့ စစ်ရေးသတင်းတွေကို အသုံးပြုပြီး ကိုယ်ပိုင်အမြင်နဲ့ ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာထဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတစ်စီး AA ပစ်ခတ်နှစ်မြှပ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။