နေပြည်တော်မှာ စစ်ဗိုလ်ချုပ် ၃ ဦး သေဒဏ်ပေးခံရတယ်ဆိုတဲ့ သတင်းအမှား
ဆုံးရှုံးထားတဲ့ မြို့တွေ ပြန်မသိမ်းနိုင်တဲ့ ဗိုလ်ချုပ် ၃ ဦး နေပြည်တော်မှာ သေဒဏ်ပေးခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗိုလ်ချုပ် ၃ ဦး သေဒဏ်ပေးခံရ။ အချင်းချင်း သတ်နေကြပြီ။ မြို့တွေ ပြန်မသိမ်းနိုင်တဲ့ ဗိုလ်ချုပ် ၄ ဦး သေမိန့်ကျ။ နေပြည်တော်မှာ သေဒဏ်ပေးလို့ တပ်တွင်း ပွဲဆူနေကြပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော်မှာ စစ်ဗိုလ်ချုပ် ၃ ဦး သေဒဏ်ပေးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media မှာ ဩဂုတ် ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်အနက်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မြို့ပေါ် ဧရိယာများကို ဦးစားပေး တိုက် ခိုက်သိမ်းယူရန် စစ်တပ်က စီမံချက်ဖြင့် လုပ်နေ၊ မြို့နယ် ၁၀၂ ခုတွင် ရွေးကောက်ပွဲ အပိုင်း ၁ လုပ်မည်ဟု စစ်တပ်က ကြေညာ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အကြမ်းဖက်စစ်တပ်အနေနဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လက်လွှတ်ဆုံးရှုံးထားရတဲ့ မြို့နယ်တွေအနက်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၆၃ မြို့နယ်အတွင်းရှိ မြို့ပေါ် ဒေသတွေကို မဖြစ်မနေ ရနိုင်သမျှ ပြန်လည် သိမ်းယူဖို့ စီမံချက်ချ လုပ်ဆောင်နေကြောင်း နဲ့ ဒီမြို့နယ်တွေမှာ မြို့ပေါ် ဒေသတွေကို ဦးစားပေး တိုက်ခိုက်သိမ်းယူဖို့ စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ နေပြည်တော်မှာ စစ်ဗိုလ်ချုပ် ၃ ဦး သေဒဏ်ပေးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။