လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်မြို နေရာအများအပြားမှာ မြေပြိုမယ်ဆိုတဲ့ သတင်းအမှား
လာမယ့် ရက်ပိုင်းအတွင်း လှိုင်သာယာအပါအဝင် ရန်ကုန်မြို့ နေရာတော်တော်များများမှာ မြေပြိုမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို One-Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လှိုင်သာယာအပါအဝင် ရန်ကုန်မြို့ရဲ့နေရာတော်တော်များများ မြေပြိုနိုင်ဟု ဝါရင့်ရေပညာရှင်တဦး အတိအကျပြော (အရေးကြီးသတင်း)' လို့ ရေးသား ထားပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ 'လာမယ့် ရက်ပိုင်းအတွင်းမှာ လှိုင်သာယာအပါအဝင် ရန်ကုန်မြို့ရဲ့နေရာတော်တော်များများ မြေပြိုမယ်လို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်'
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်မြို နေရာအများအပြားမှာ မြေပြိုမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ သတင်းတွေကို လိုသလို ပြုပြင်ပြီး အချက်အလက် အမှားတွေ ထည့်သွင်းထားတဲ့ သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ ဧရာဝတီ သတင်းဌာနမှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဖော်ပြထားတဲ့ 'အတားအဆီးမရှိ မြေအောက်ရေ ထုတ်ယူမှုကြောင့် ရန်ကုန်မြို့ မြေကျွံကျမည့် အန္တရာယ်ရှိ' ဆိုတဲ့ ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
ဒီလိုပြောဆိုရာမှာ ဆောင်းပါးမှာ ရေးသားထားတဲ့ 'မြေကျွံကျမည့် အန္တရာယ်ရှိတယ်' ဆိုတဲ့ အသုံးအနှုန်းကို 'မြေပြိုမယ်' ဆိုပြီး ပြုပြင်ပြောင်းလဲ ထားသလို 'လာမယ့် ရက်ပိုင်းအတွင်းမှာ လှိုင်သာယာအပါအဝင် ရန်ကုန်မြို့ရဲ့နေရာတော်တော်များများ မြေပြိုမယ်လို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်' ဆိုပြီး သတင်းမှာ မပါတဲ့ အချက်အလက်တွေ ထပ်မံ ဖြည့်စွက်ပြီး လူအများကို ခြိမ်းခြောက်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။
မြေကျွံခြင်း (Subsidence) ဆိုတာ မြေပြင် အောက်ကိုတဖြည်းဖြည်း (ကာလကြာ) နိမ့်ကျသွားခြင်း (Vertical movement) ကို ဆိုလိုတာ ဖြစ်ပါတယ်။ မြေပြန့်ဒေသတွေ၊ မြေအောက်ရေထုတ်ယူမှု များပြားတဲ့ မြို့ကြီးတွေနဲ့ ဆားထွက်တဲ့ ဒေသတွေမှာ မြေအောက်ရေ (သို့မဟုတ်) ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူကြတဲ့အတွက် မြေအောက်ရှိ နေရာလွတ်တွေ ပျက်စီးကျုံ့ဝင်ခြင်းနဲ့ သဘာဝအတိုင်း ရေခန်းခြောက်ခြင်းတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။
မြေပြိုခြင်း (Landslide) ဆိုတာကတော့ ရုတ်တရက် မြေသား၊ ကျောက်တုံးတွေ တောင်စောင်းအတိုင်း ဘေးတိုက် (သို့မဟုတ်) အောက်ကို ရွေ့လျားသွားခြင်း (Lateral/Downslope movement) ကို ဆိုလိုတာ ဖြစ်ပါတယ်။
တောင်ကုန်းတွေ၊ တောင်စောင်းတွေနဲ့ ချောက်ကမ်းပါးတွေလို နေရာဒေသတွေမှာ မိုးများတာ၊ မြေငလျင်လှုပ်ခတ်တာ၊ တောင်စောင်း တည်ငြိမ်မှုမရှိတာ၊ သစ်တောပြုန်းတီးတာနဲ့ လူတွေရဲ့ တူးဖော်မှုတွေကြောင့် ဖြစ်ပွားတာ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ မူရင်းဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



