အာဆီယံထိပ်သီး အစည်းအဝေးမှာ ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ သတင်းအမှား
လက်ရှိ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့တရားဝင်အစိုးရကို ကြေညာပြီး NUG ဝန်ကြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်ဇင်မာအောင် အာဆီယံအစည်းဝေး မိန့်ခွန်းပြောပြီ။ စစ်အုပ်စု ပြားပြားဝပ်နေရပြီ။ မြန်မာ့တရားဝင် အစိုးရ အာဆီယံကြေညာ။ သမ္မတ ထရမ့် အတည်ပြုပေးလိုက်ပြီ။ မင်းအောင်လှိုင် စစ်အုပ်စုကနေ ရာထူးဖယ်ရှားခံရဖွယ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့တရားဝင်အစိုးရကို ကြေညာပြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ နိုင်ငံရေးသုံးသပ်လေ့လာသူ Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၂၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အာဆီယံ ၏ အကြို ဆွေးနွေးပွဲများ' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ မလေးရှားနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေး မစမီ နိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာ မြန်မာရွေးကောက်ပွဲ ကိစ္စဟာ အဓိကနေရာကနေ ပါဝင်နေကြောင်း၊ ထိုင်းနဲ့ မလေးရှားတို့က ဦးဆောင် ဆွေးနွေးနေကြောင်း စတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲ၊ အာဆီယံနဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို သုံးသပ်ဖော်ပြထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့တရားဝင်အစိုးရကို ကြေညာပြီး ဒေါ်ဇင်မာအောင် မိန့်ခွန်းပြောတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Hla Soewai ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



