ရန်ကုန်ရှိ တရုတ်သံရုံးကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းအမှား
ရန်ကုန်မြို့ရှိ တရုတ်သံရုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မီးရှို့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Galvin ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်ကုန်ရှိ တရုတ်သံရုံးကို PDF တွေ မီးရှို့' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရန်ကုန်ရှိ တရုတ်သံရုံးကို PDF တွေ မီးရှို့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ရန်ကုန်ရှိ တရုတ်သံရုံးကို PDF တွေ မီးရှို့၊ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သံရုံးလမ်းပိုင်းတွေကို ပိတ်ဆို့ထားတယ်ဆိုပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားပါတယ်။
တရုတ်သံရုံး မီးရှို့ခံရတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တရားဝင်ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
လက်ရှိမှာ မြန်မာနိုင်ငံရှိ တရုတ်သံရုံးရဲ့ တရားဝင်ဖေစ့်ဘွတ်စာမျက်နှာမှာလည်း ဒီအကြောင်းအရာအကြောင်း ထုတ်ပြန်ထားတာ မရှိသလို နောက်ဆုံးတင်ထားတဲ့ ပိုစ့်မှာ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ ပိုစ့်ပဲ ဖြစ်ပါတယ်။
တရုတ်သံရုံးရဲ့ ဖေစ့်ဘွတ်စာမျက်နှာ ကို ဒီနေရာ ကနေ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



