ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ပြန်လည်ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ သတင်းအမှား
စစ်တပ်ရဲ့ မတရားဖမ်းဆီးခံထားရပြီး နေပြည်တော်မှာ အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ နေအိမ်ကို ပြန်လည်ပြောင်းရွှေ့လိုက်ပြီး နှစ်ကူးမိန့်ခွန်း ပြောကြားမယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေအိမ်ကို ပြောင်းရွေ့လိုက်ပြီ။ နှစ်သစ်ကူးမှာ မိန့်ခွန်းပြောမည်ဟု သတင်းတက်နေ။ ရွေးကောက်ပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည် သတင်းကောင်းလာပြီ ဒေါက်ဖိနပ်သံ ကြားနေရပြီဟေ့' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ပြန်လည်ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ Mizzima သတင်းဌာနမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ရေးသားဖော်ပြထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာမြန်မာမှာ အတုအယောင်ရွေးကောက်ပွဲတွေ စတင်ဖို့ ပြင်ဆင်နေချိန် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူးပါး က ကြိုးပမ်းအားထုတ်မှုအသစ်တွေ ဦးဆောင်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရမှုအပေါ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက များစွာစိုးရိမ်ပူပန်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အပေါ် ဗြိတိန်အစိုးရက ရှုတ်ချကြောင်း၊ စစ်ကော် မရှင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေး ရမှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေးကို ကမ္ဘာက အမြဲအာရုံစိုက်နေအောင် ဗြိတိန်က ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကို ပြန်လည်ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ အကျဉ်းကျခံနေရပြီး သူမအပေါ် စွပ်စွဲထားတဲ့ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုအပါအဝင် အခြား စွဲချက်တွေအတွက် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ သူ့ရဲ့ရှေ့နေအဖွဲ့တောင် သိရှိမထားသလို မိသားစုအပါအဝင် အပြင်လူတွေနဲ့ တိုက်ရိုက်အဆက်အသွယ် ပြတ်တောက်နေတာ နှစ်နှစ်ခန့်ရှိနေပြီ ဖြစ်ပါတယ်။



