စစ်ကောင်စီရဲ့ မှော်ဘီစစ်ရေးလေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရမှု သင်တန်းသား ၃၀၀ ကျော် သေဆုံးဆိုတဲ့ သတင်းအမှား
စစ်ကောင်စီရဲ့ မှော်ဘီစစ်ရေးလေ့ကျင့်ရေးကျောင်းကို မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ ၁၀၇ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် သင်တန်းသား ၃၀၀ ကျော် သေဆုံးသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မှော်ဘီ စစ်သင်တန်းကျောင်း မီးပွင့်ပြီ။ မှော်ဘီစစ်ရေးလေ့ကျင့်ရေးကျောင်းအပေါ် ၁၀၇ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်တန်းသား ၃၀၀ ကျော် သေဆုံး' ဆိုပြီး ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မှော်ဘီစစ်ရေးလေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရမှု သင်တန်းသား ၃၀၀ ကျော် သေဆုံးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Narinjara မီဒီယာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ဖော်ပြထားတဲ့ 'စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို U.S.O အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
ဒီသတင်းထဲမှာလည်း သင်တန်းသား ၃၀၀ သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းဟောင်းကို ပြန်လည်ပြုပြင်ပြီး လူစိတ်ဝင်စားဖွယ် ရေးသားဖြန့်ဝေနေတာပါ။
လတ်တလောမှာ မှော်ဘီစစ်သင်တန်းကျောင်း တိုက်ခိုက်ခံရတဲ့ သတင်းမျိုးကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ စစ်ကောင်စီလော်ဘီတွေရဲ့ ချန်နယ်တွေမှာ ကြေညာချက်ထုတ်ပြန်တာမျိုး မရှိသေးသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Narinjara မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



