ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတယ်ဆိုတဲ့ သတင်းအမှား
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူးလို့ မင်းအောင်လှိုင်ပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Sai Ho ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဩဂုတ်လ ၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃၄ စက္ကန့်မျှသာ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အမေစုကို ဘယ်တော့မှ လွတ်မှာမဟုတ်ဘူးလို့ မင်းအောင်လှိုင် ပြောတဲ့ အသံဖိုင် ပေါက်ကြားလာ'လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူးလို့ မင်းအောင်လှိုင်ပြောထားတဲ့ အသံဖိုင် ပေါက်ကြားလာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ယောက်ျားတစ်ယောက်ရဲ့ အသံနဲ့ 'ကျွန်တော်တို့က ဒေါ်စုကို တကယ်မလွှတ်ပေးပါဘူး။ ကျွန်တော်တို့ကို အသိအမှတ် ပြုစေချင်လို့ သတင်းလွှင့်ချင်ရုံ သက်သက်ပါ။ တတိုင်းပြည်လုံးက ကျိန်ဆဲနေကြပေမယ့် ကျွန်တော်ကတော့ ဂရုမစိုက်ဘူး။ ကိုယ့်အာဏာ တည်မြဲဖို့ဆိုရင် ဘယ်လောက်ပဲ ရက်စက်ရပါစေ၊ ဘယ်သူ့အသက်ကိုပဲ ရင်းရပါစေ ကျွန်တော်ကတော့ လုပ်ရဲတယ်။ လူတွေက ကျွန်တော့်ကို အောက်တန်းကျတယ်၊ မိုက်ရိုင်းတယ်လို့ ပြောကြတယ်' ဆိုပြီး ပြောဆိုထားတာပါ။
အသံနေအသံထား၊ ပြောဆိုတဲ့ အကြောင်းအရာတွေအရ ဒါဟာ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ရဲ့ အသံမဟုတ်တာကို စစ်ဆေးတွေ့ရပါတယ်။
ဒါ့အပြင် ဒီလိုအကြောင်းအရာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



