ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားပြီလို့ ဦးမင်းကိုနိုင် ပြောတယ်ဆိုတဲ့ သတင်းအမှား
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားပြီ မရှိတော့ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် ပြောဆိုတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Hsipaw Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၃ ရက် နေ့လည်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်နဲ့ အာဏာလုယူထားတဲ့ မင်းအောင်လှိုင်ပုံတွေ အသုံးပြုပြီး 'အရေးပေါ်သတင်း ကိုမင်းကိုနိုင်ပြောပြီ။ လုံးဝစိတ်မကောင်းဘူး အမေစုမရှိတော့ဘူးဆိုတာသေချာတယ် ဒါကိုအရေးအခင်းပုံစံဖန်တီးလာလိမ့်မ။ ဗီဒီယို ကွန်မန့်တွင်ကြည်ပါ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားပြီလို့ ကိုမင်းကိုနိုင် ပြောတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေမှုမှာ ပါတဲ့ လင့်ကို ဖွင့်ကြည့်ရာမှာ Khit Thit Media မှာ ဧပြီ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ 'ဦးမင်းကိုနိုင် နှင့် တွေ့ဆုံမေးမြန်းခြင်း' ဆိုတဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို ဖြတ်တောက်ပြီး လုပ်ကြံရေးသားထားတာပါ။
အင်တာဗျူးမှာ သမ္မတကြီး ဦးဝင်းမြင့်ကို မင်းအောင်လှိုင်က ပြန်လည်လွှတ်ပေးခဲ့တဲ့အပေါ် အဓိကထား မေးမြန်း ဖြေကြားထားတာ ဖြစ်ပြီး ဒီအင်တာဗျူးထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးပါးသွားတဲ့အကြောင်း ဦးမင်းကိုနိုင် ပြောဆိုထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Khit Thit Media မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူး ရုပ်သံဖိုင်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်သလို စာနဲ့ ပြန်လည်ရေးသားထားမှုကိုတော့ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



