စောချစ်သူနဲ့ ကျားဖြန့်ခေါင်းဆောင်တွေကို အမေရိကန် ဝင်ဖမ်းနေပြီဆိုတဲ့ သတင်းအမှား
ရွှေကုက္ကိုလ်မြို့သစ် ထူထောင်ရာမှာ အဓိက ကျသူ BGF ခေါင်းဆောင် စောချစ်သူနဲ့ ကျားဖြန့် ခေါင်းဆောင်တွေကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးနေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပွဲသိမ်းပြီ။ အမေရိကန် အကုန်ဝင်ဖမ်းပြီ။ စောချစ်သူနဲ့ ကျားဖြန့်ခေါင်းဆောင်တွေ အားလုံးကို အမေရိကန် စဝင်ဖမ်းလို့ အသက်လုပြီး ပြေးနေကြရပြီ' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စောချစ်သူနဲ့ ကျားဖြန့်ခေါင်းဆောင်တွေကို အမေရိကန် ဝင်ဖမ်းနေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ လတ်တလော သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ စစ်တပ်လက်အောက်ခံ BGF မှ နိုင်မောင်ဇော်က ရွှေကုက္ကိုလ်မြို့သစ်မှာ ကျားဖြန့်တွေကို အပြီးသတ်အပြတ် နှိမ်နင်းတော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ကြေညာအပြီး ရွှေကုက္ကိုလ်မြို့သစ်က လူတွေ ထွက်ခွာဘို့ ကြိုးစားနေကြောင်း သတင်းတွေကို စုစည်းပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။
ကျားဖြန့်တွေကို အပြီးသတ်အပြတ် နှိမ်နင်းတော့မှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညတွင်းချင်းမှာပဲ ရွှေကုက္ကိုလ်မြို့သစ်က တရုတ်တွေ၊ နိုင်ငံခြားသားတွေနဲ့ ကျားဖြန့် အလုပ်သမားတွေ ရာထောင်ချီ မြို့မှ ထွက်ခွာဖို့ ကြိုးစားနေကြကြောင်း၊ ရွှေကုက္ကိုလ်မြို့သစ်အတွင်းမှာ ကားတွေ ပိတ်ပြီး မြို့တွင်းရှိ လူတွေအားလုံး နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေတာ ဖြစ်ကြောင်း၊ သို့ပေမယ့် ကျားဖြန့် တရုတ်သူဌေးတွေနဲ့ ကျားဖြန့်ကုမ္ပဏီ ခေါင်းဆောင်တွေကိုတော့ BGF တွေက ကားနဲ့ ညတွင်းချင်း သယ်ထုတ်နေကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
ဒီသတင်းတွေထဲမှာ အမေရိကန်က စောချစ်သူနဲ့ ကျားဖြန့်ခေါင်းဆောင်တွေကို ဝင်ဖမ်းနေပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်း၊ သတင်းမီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



