ကျားဖြန့် ဖမ်းမယ့် အမေရိကန်တပ်ဖွဲ့ မြန်မာနိုင်ငံလာဖို့ ရက်အတိအကျ ထုတ်ပြန်တယ်ဆိုတဲ့ သတင်းအမှား
ကျားဖြန့်အဖွဲ့တွေ ဖမ်းဆီးမယ့် အမေရိကန်တပ်ဖွဲ့ မြန်မာနိုင်ငံလာမယ့် ရက်အတိအကျ ထုတ်ပြန်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အရမ်းကြောက်နေပြီ။ ဒေါ်စုကို လွှတ်ပြီးတောင်းပန်ရပြီ။ ကျားဖြန့်အမှုနဲ့ အမေရိကန်တပ်ဖွဲ့ မြန်မာကို လာမဲ့ရက် အတိအကျ ကြေငြာလိုက်လို့ မအလ တောင်းပန်ရပြီ' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကျားဖြန့် ဖမ်းမယ့် အမေရိကန်တပ်ဖွဲ့ မြန်မာနိုင်ငံလာဖို့ ရက်အတိအကျ ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ အမေရိကန် ရှေ့နေချုပ်ရုံး၊ တရားရေးဌာနရဲ့ ရာဇဝတ်ဌာနခွဲ၊ FBI နဲ့ US Secret Service(USSS) တို့ ပါဝင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို အမေရိကန် ဖွဲ့စည်းလိုက်တဲ့ သတင်းကို အခြေခံပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီအဖွဲ့ကို နိုဝင်ဘာ ၁၂ ရက်က ဖွဲ့လိုက်တာဖြစ်ပြီး အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံးငွေလိမ်ဂိုဏ်းနယ်မြေတွေကို စုံစမ်းထောက်လှမ်း သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ အထူးအဖွဲ့နဲ့ပတ်သက်တဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထား ပါတယ်။
ဒီအဖွဲ့အနေနဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ ဆိုထားပြီး KK park နဲ့ နယ်မြေဆက်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်း DKBA ထိန်းချုပ် စီးပွား ရေးနယ်မြေထဲမှာရှိတဲ့ Tai Chang ဝင်းနဲ့ နောက်ထပ် ငွေလိမ်စင်တာ တစ်ခုတို့ကို အွန်လိုင်းကနေ စစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် KK park အပါအဝင် မြန်မာက ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI) က ထောက်လှမ်းရေး အေးဂျင့်တွေကို ထိုင်းနိုင်ငံအထိ စေလွှတ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒီလို ထုတ်ပြန်ချက်တွေ ရှိပေမယ့် မြန်မာနိုင်ငံကို လာဖို့ ရက်အတိအကျ ထုတ်ပြန်တယ်ဆိုတာတော့ အချက်အလက် အမှားတွေပဲ ဖြစ်ပါတယ်။
ကျားဖြန့် ဖမ်းမယ့် အမေရိကန်တပ်ဖွဲ့ မြန်မာနိုင်ငံလာဖို့ ရက်အတိအကျ ထုတ်ပြန်တယ်ဆိုတဲ့ အကြောင်းအရာကို အမေရိကန်ရှေ့နေချုပ်ရုံးက ထုတ်ပြန်မထားသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြ မထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



