ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား
တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တောင်းဆိုမှုအရ တရုတ်က ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို The Daily Lens ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထွန်းမြတ်နိုင် ကို တရုတ် ဖမ်းဆီး။ တရုတ်ပြည်မှာ နေတဲ့ ထွန်းမြတ်နိုင် ကို ချက်ချင်း ဖမ်းဖို့ တရုတ်သမ္မတ ကို မင်းအောင်လှိုင် အရေးကြီး တောင်းဆို' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနမှာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ 'ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဗုံးကြဲလုပ်ကြံဖို့ ကြံ့ခိုင်ရေးပါတီက ဦးလှဆွေ ကြိမ်းဝါး' ဆိုတဲ့ သတင်းကို အခြေခံပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရှိတဲ့နေရာတွေကို လေကြောင်းကနေဗုံးကြဲပြီး တပ်တခုလုံးကိုပါ အမြစ်ဖြတ်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက ကြိမ်းဝါးနေတဲ့ အကြောင်း ဖော်ပြထားတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တရုတ်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



