အကောင့် ဖောလိုးသူတိုင်းကို ပိုက်ဆံတွေ ပေးနေတဲ့ ဒူဘိုင်းသူဌေးမကြီး ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား
ဒူဘိုင်းက အချမ်းသာဆုံး အမျိုးသမီးတစ်ဦးက သူမရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကို ဖောလိုးလုပ်သူ၊ မှတ်ချက် ရေးသူတွေကို ပိုက်ဆံပေးနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ လတွေကတည်းက Tik Tok ပေါ်မှာ အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေနေတာဖြစ်ပြီး အခုလ ဩဂုတ်လ ၁၆ ရက် နောက်ပိုင်းမှာတော့ မြန်မာဖေစ့်ဘွတ်အသုံးပြုသူတွေ ကြားမှာပါ မြန်မာဘာသာစကားနဲ့ ပြန်လည်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ရွှေထည်ပစ္စည်း မျိုးစုံဝတ်ဆင်ပြနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ၃ မိနစ်နီးပါးကြာ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အ-ကောင့်-ကို ဖော်-လို-လုပ် သူတိုင်းကို ပို-က်-ဆံ-တွေ ပေးနေတဲ့ ဒူဘိုင်းသူဌေးမကြီး' လို့ ရေးသားဖြန့်ဝေထားတာပါ။
ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ 'နတ်သမီးလေးလို့ ခေါ်မှ သိန်း ၂၀၀ ပေးတာ မဟုတ်ပဲ သူရဲ့ အကောင့်ကို ဖောလိုးလေး လုပ်လိုက်တာနဲ့ ငွေ သိန်း ၁၀၀ နဲ့ သူ့မှာရှိတဲ့ ရွှေရနာတွေ ပေးနေကြောင်း၊ သူ့ရဲ့အကောင့်ကို ဖောလိုးလုပ်ပြီး ငွေသိန်း ၁၀၀ သွာတောင်းလို့ ရနိုင်ကြောင်း၊ သူက ဒူဘိုင်းမှာ အချမ်းသာဆုံး သူဌေးမကြီးဖြစ်ကြောင်း၊ ဒူဘိုင်းနိုင်ငံကို ဝယ်ယူနိုင်လောက်တဲ့အထိ ချမ်းသာကြောင်း' တွေ ပြောဆိုထားတာပါ။
အချို့ ဖြန့်ဝေမှုတွေမှာ ဝင်ရောက်ကြည့်ရှု့မှုပေါင်း ၃ သန်းကျော် ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အချို့လူတွေက ဒါကို အမှန်တကယ်လို့ ယူဆပြီး မှတ်ချက်ပေးတာ၊ ပြန်လည်ဖြန့်ဝေတာတွေ လုပ်နေပါတယ်။
သတင်းဆန်းစစ်ချက်
ဒီအကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာကို အင်္ဂလိပ်ဘာသာစကားနဲ့ Tik Tok ပေါ်မှာ စတင်ဖြန့်ဝေကတည်းက နောက်ပြောင် ဖြန့်ဝေနေတာပါ။
အကောင့်ဖောလိုးလုပ်လို့ ပိုက်ဆံရတဲ့သူ၊ ပိုစ့်တွေအောက် ကောမန့်ရေးလို့ ပိုက်ဆံရတယ်ဆိုတဲ့ အဖြစ်အပျက်တွေ မရှိပါဘူး။
ဒီလိုအကြောင်းအရာတွေကို ဒေသခံမီဒီယာတွေနဲ့ ကမ္ဘာ့သတင်းတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။