BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ၃၅ နှစ်ကြာမှ လူအရိုးစု ၉၂ ခု နဲ့...
သတင်းအတု

၃၅ နှစ်ကြာမှ လူအရိုးစု ၉၂ ခု နဲ့ ပြန်ပေါ်လာတဲ့ လေယာဉ်ဆိုတဲ့ သတင်းအမှား

အတ္တလန်တိတ် သမုဒ္ဒရာကို ပျံသန်းနေရင်း ပျောက်ဆုံးခဲ့တဲ့ လေယာဉ် ၃၅ နှစ်အကြာမှာ လူအရိုးစု ၉၂ ခုနဲ့အတူ မြေပြင်ကို ပြန်လည်ဆင်းသက်လာခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 July 2024 1:15 PM IST
  • ၃၅ နှစ်ကြာမှ လူအရိုးစု ၉၂ ခု နဲ့ ပြန်ပေါ်လာတဲ့ လေယာဉ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို လူမှုမီဒီယာတွေပေါ်မှာ၂၀၂၂ ခုနှစ် ကတည်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ပြန်လည်ဖြန့်ဝေသူ ထောင်ကျော်နဲ့ ကြည့်ရှု့သူ သန်းနဲ့ချီရှိခဲ့သလို BOOM Myanmar ကလည်း သတင်းဆန်းစစ်ထားပြီး ဖြစ်ပါတယ်။

    အခုတစ်ခါ Dinga Entertainment ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဇူလိုင် ၁၆ ရက်နေ့မှာ ထပ်မံဖြန့်ဝေလာခဲ့ပြီး ဖြန့်ဝေသူ ထောင်ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့သူ လေးသိန်းကျော် ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နှစ်ပေါင်း ( ၃၅ ) နှစ်အကြာမှာ အရိုးစု (၉၂)ခုနှင့်အတူ ထူးဆန်းအံ့ဩဖွယ်ကောင်းစွာ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာခဲ့တဲ့ လေယာဉ်' လို့ ရေးသားပြီး ထပ်မံဖြန့်ဝေလာပါတယ်။

    ဗီဒီယိုထဲမှာတော့ ‘၃၅ နှစ်လောက် ပျောက်ဆုံးသွားပြီး လူအရိုးစု ၉၂ ခုနဲ့ အတူ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာခဲ့ကြောင်း၊ ၁၉၅၄ ခုနှစ် စက်တင်ဘာ (၄) ရက်နေ့မှာ ဆန်တီယာဂို အဲလိုင်း ၅၁၃ က အနောက် ဂျာမနီနိုင်ငံ Archel မြို့ကနေ ဘရာဇီးနိုင်ငံ Porto Allegri မြို့ကို ဦးတည်ပြီးတော့ထွက်ခွာခဲ့ရာ အတ္တလန်တိတ် သမုဒ္ဒရာကို ပျံသန်း နေရင်းနဲ့ ပျောက်ဆုံးသွားခဲ့ကြောင်း၊ အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ခဲ့ပေမယ့် လေယာဉ်အစိတ်အပိုင်း အပါအဝင် ခရီးသည်တွေရဲ့ သဲလွန်စ ဘာသတင်းမှ မရတော့ကြောင်း၊ အဲ့ဒီနောက် တာဝန်ရှိသူတွေက လေယာဉ်ပျက်ကျသွားခဲ့ပြီ ဖြစ်တယ်လို့ တရားဝင်ကြေညာခဲ့ကြောင်း' ကို နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။

    ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    တကယ်တော့ ဒီအကြောင်းအရာကို နိုင်ငံတကာက လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာလည်း လွန်ခဲ့တဲ့ နှစ်အတန်ကြာကတည်းက ဖြန့်ဝေနေကြပြီး အငြင်းအခုန်တွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါကို မြန်မာဘာသာပြန်ပြီး မြန်မာနိုင်ငံက ဖေစ့်ဘွတ်အသုံးပြုသူတွေ ကြားမှာ ထပ်မံဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဒီဇာတ်လမ်းဟာ အခြေအမြစ်မရှိ လုပ်ကြံရေးသားထားတဲ့ စိတ်ကူးယဉ် ဇာတ်လမ်းသာ ဖြစ်တယ်လို့ သတင်းအမှားတွေ စီစစ်နေတဲ့ Snopes သတင်းဌာနမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကတည်းက ဖော်ပြထားပြီး ဖြစ်ပါတယ်။

    ဒါ့အပြင် AFP သတင်းဌာနမှာလည်း ၂၀၂၁ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ဒီအကြောင်းကိုပဲ ထပ်မံ သတင်းဆန်းစစ် ဖော်ပြထားပါတယ်။


    ဒီအကြောင်းအရာဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးသားဖော်ပြရာမှာ လူသိများတဲ့ အမေရိကန်အခြေစိုက် Weekly World News ဆိုတဲ့ သတင်းစာမှာ ၁၉၈၅ ခုနှစ် မေလအတွင်း ထုတ်ဝေခဲ့တဲ့ ဆောင်းပါးတစ်ခုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသတင်းစာဟာ အခုလို စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးသားလေ့ ရှိပြီး ၁၉၇၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ထုတ်ဝေခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာတော့ အွန်လိုင်းပေါ်မှာ ပြန်လည်လည်ပတ်တာ တွေ့ရပါတယ်။ ဒီသတင်းစာမှာပဲ ဒီအကြောင်းနဲ့ ဆင်တူတဲ့ ၃၇ နှစ်ကြာ ပျောက်ဆုံးသွားခဲ့တဲ့ လေယာဉ်အမှတ် ၉၁၄ ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်လည်း ဖော်ပြခဲ့ပါသေးတယ်။ အောက်မှာ ဆောင်းပါး ၂ ပုဒ်ကို ဖော်ပြထားပါတယ်။


    လေယာဉ်အမှတ် ၉၁၄ ဆိုတဲ့ ဆောင်းပါးဟာလည်း သတင်းအမှားသာဖြစ်တဲ့အကြောင်း Snopes သတင်းဌာနက ၂၀၁၉ ခုနှစ် အတွင်းမှာပဲ သတင်းဆန်းစစ်ချက် ပြုလုပ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းမှာတော့ ၁၉၅၅ ခုနှစ်မှာ နယူးယောက်မှ ထွက်ခွာခဲ့တဲ့ လေယာဉ်အမှတ် ၉၁၄ ဟာ ရေဒါကနေ ပျောက်ဆုံးခဲ့ပြီး နှစ်ပေါင်း ၃၇ နှစ် ကြာတော့မှ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမှာ ပြန်လည်ဆင်းသက် ခဲ့တယ်လို့ ရေးသားထားတာပါ။ Weekly World News ဟာ လေယာဉ်အမှတ် ၉၁၄ ဆောင်းပါးကို နှစ်ကြိမ်တိုင်တိုင် ပြန်လည်ဖော်ပြခဲ့ပေမယ့် ဆောင်းပါးထဲမှာ “မျက်မြင်သက်သေ” အဖြစ် အသုံးပြုထားတဲ့ လေကြောင်းထိန်းချုပ်သူ Juan de la Corte ဆိုသူရဲ့ ပုံဟာ ဆောင်းပါး ၂ ပုဒ်မှာ ကွဲပြားစွာပါနေတာ တွေ့ရပါတယ်။ အောက်ပါပုံကို ကြည့်ပါ။


    Weekly World News မှာ ဖော်ပြထားတဲ့ လေယာဉ်အမှတ် ၉၁၄ ဆောင်းပါးတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် ဒီလေယာဉ်ပျောက်ဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဘယ်သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိတဲ့အပြင် အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန ရဲ့ ၁၉၃၄ မှ ၁၉၆၅ ခုနှစ်အတွင်း မတော်တဆမှုများအတွက် စုံစမ်းစစ်ဆေးမှုဆိုင်ရာ မှတ်တမ်းတွေမှာလည်း ဖော်ပြထားခြင်းမရှိဘူးလို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

    အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန ရဲ့ မှတ်တမ်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Snopes နဲ့ AFP သတင်းဌာနတွေမှာ သတင်းဆန်းစစ် ဖော်ပြထားတဲ့ လေယာဉ်အမှတ် ၅၁၃ အကြောင်း ဆောင်းပါးတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Santiago Flight 513ဆန်တီယာဂိုလေယာဉ်အမှတ် ၅၁၃missing planeလူအရိုးစု ၉၂ ခု
    Read Full Article
    Claim :   ပျောက်ဆုံးလေယာဉ် ၃၅ နှစ်ကြာမှ လူအရိုးစု ၉၂ ခု နဲ့ ပြန်ပေါ်လာတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!