
မင်းအောင်လှိုင်ကို ဖေဖေါ်ဝါရီလ (၂၀) နောက်ဆုံးဖမ်းဆီးဖို့ ICC အမိန့်ထုတ်ပြန်ဆိုတဲ့ သတင်းအမှား
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖေဖော်ဝါရီလ ၂၀ ရက်နောက်ဆုံးထား ဖမ်းဆီးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အမိန့်ထုတ်ပြန်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

ဒီသတင်းအမှားကို MM News TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လည်ပိုင်းက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေသူအများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ "မင်းအောင်လှိုင်ကိုဖမ်းရန် ဖေ (၂၀) နောက်ဆုံးဟု ICC အမိန့်ထုတ်ပြန်" လို့ ရေးသားထားပြီး၊ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ရုပ်သံဖိုင်တစ်ခုလည်း ပါဝင်ပါတယ်။
ဖြန့်ဝေနေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီသတင်းကို ဆန်းစစ်ကြည့်ရာမှာ ရေးသားထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ဟာ ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်။ ကြာချိန် ၁၁ မိနစ်နီးပါးရှိတဲ့ ရုပ်သံဖိုင်ထဲမှာ ပြောနေတာက မြန်မာစစ်ဗိုလ်ချုပ်များအကြောင်းဆိုပြီး Economic မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြနေတာပဲ ဖြစ်ပါတယ်။ သတင်းထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းမိန့်ထုတ်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်တာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ် ၆ ဦးကို အာဂျင်တီးနားနိုင်ငံ ဖက်ဒရယ်တရားရုံးမှာ ဒီဇင်ဘာ ၁၆ ရက်က စတင်ကြားနာခဲ့ပါတယ်။
စစ်ကောင်စီကို ICC မှာ အမှုဖွင့် အရေးယူနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အပြင်းအထန်ကြိုးစားနေသလို လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) ကလည်း ICC မှာ ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုသွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ထားတာ ရှိပါတယ်။
Claim : အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နောက်ဆုံးထား ဖမ်းဆီးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အမိန့်ထုတ်ပြန်လိုက်တယ်
Claimed By : Facebook, Website
Fact Check : False
Next Story