ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပစ်ခတ်ခံရပြီးသေဆုံးတယ်ဆိုတဲ့ သတင်းအမှား
ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပစ်ခတ်ခံရပြီး သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ALP ဥက္ကဌ ဒေါ်စောမြရာဇာလင်း ပစ်ခတ်ခံရပြီးသေဆုံး။ လူယုံသတ်လို့ သွေးအိုင်ထဲမှာ သေဆုံးလျက်တွေ့ရှိ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပစ်ခတ်ခံရပြီးသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Western News သတင်းဌာနမှာ ဇူလိုင် ၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ကျောက်ဖြူ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ALP တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး တပ်တော် ALP က တပ်ဖွဲ့ဝင် ၇ ဦး ကျောက်ဖြူတိုက်ပွဲအတွင်း သေဆုံး သွားတယ်ဆိုတဲ့အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ပစ်ခတ်ခံရပြီးသေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Western News သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။