တရုတ်အကြီးတန်း အရာရှိကြီးတစ်ဦးက ရှီကျင့်ဖျင်ရဲ့ ပိုက်ဆံအလွဲသုံးမှုတွေ ဖော်ထုတ်တယ်ဆိုတဲ့ သတင်းအမှား
တရုတ်အကြီးတန်း အရာရှိ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက သမ္မတရှီကျင့်ဖျင်ရဲ့ အမျိုးသားကာကွယ်ရေး ဘတ်ဂျက်ငွေတွေ အလွဲသုံးစားလုပ်မှုကို လျှို့ဝှက်မိန့်ခွန်းထဲမှာ ထည့်သွင်း ဖော်ထုတ်ပြောကြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Topnew TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ် ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ Youtube channel အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၆ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရှီကျင့်ဖျင်ခိုးထားတဲ့ပိုက်ဆံတွေကို နိုင်ငံတကာဆီ ဖော်ပြလိုက်တဲ့ ဗိုလ်ချုပ်ကျန်းယိုရှား' လို့ ရေးသားထား တာပါ။
ဗီဒီယိုထဲမှာတော့ 'ဗိုလ်ချုပ်ကြီး ကျန်းယိုရှားရဲ့ စစ်တပ်အတွင်းမှာ ပြောဆိုခဲ့တဲ့ လျှို့ဝှက် မိန့်ခွန်းတစ်ခုအကြောင်း၊ မိန့်ခွန်းထဲမှာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ အမျိုးသားကာကွယ်ရေး ဘတ်ဂျက်ထဲက အမေရိကန်ဒေါ်လာ ၂၇၅ ဘီလျံလောက်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ တိုက်ရိုက်စွပ်စွဲထားကြောင်း' တွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက သမ္မတရှီကျင့်ဖျင်ရဲ့ အမျိုးသားကာကွယ်ရေး ဘတ်ဂျက်ငွေတွေ အလွဲသုံးစားလုပ်မှုကို လျှို့ဝှက်မိန့်ခွန်းထဲမှာ ထည့်သွင်းဖော်ထုတ် ပြောကြားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
လတ်တလော နိုင်ငံတကာ သတင်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက ဒီလိုအကြောင်းအရာနဲ့ ပတ်သတ်တာကို ဖြန့်ဝေတာ၊ ဖော်ပြတာ မရှိပါဘူး။
Foreign Affairs မှာ ဩဂုတ်လ ၁၈ ရက်က ဖော်ပြခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်နဲ့ တရုတ်စစ်တပ်အကြား ဆက်ဆံရေးအကြောင်း ရေးသားထားတဲ့ ‘Why Xi Still Doesn’t Have the Military He Wants’ ဆိုတဲ့ ဆောင်းပါးထဲမှာ ရှီကျင့်ဖျင်ဟာ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနဲ့ ဆက်ဆံရေး ကောင်းနေဆဲ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

Foreign Affairs ရဲ့ ဒီဆောင်းပါးကို Mizzima သတင်းဌာနကလည်း ဘာသာပြန်ပြီး ပြန်လည်ဖော်ပြထားပါတယ်။
Mizzima ရဲ့ ဘာသာပြန်မှုထဲမှာ ရှီကျင့်ဖျင်ဟာ တရုတ်စစ်တပ်က အကြီးတန်း အရာရှိတွေနဲ့ ဆက်ဆံရေးကောင်းနေတုန်း ဖြစ်သလို ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနဲ့ ပိုမိုအဆင်ပြေနေတယ်လို့ ဖော်ပြထားပါတယ်။

Foreign Affairs ရဲ့ မူရင်းဆောင်းပါးနဲ့ Mizzima သတင်းဌာနရဲ့ ဘာသာပြန်ဆောင်းပါးတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။