ရခိုင်လူမျိုး လေတပ် အရာရှိက နေပြည်တော်ရှိ လေယာဉ်တွေ ဖောက်ခွဲလိုက်တယ်ဆိုတဲ့ သတင်းအမှား
မြောက်ဦးဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် ရခိုင်လူမျိုး လေတပ်အရာရှိက ကလဲ့စားချေတဲ့အနေနဲ့ နေပြည်တော်ရှိ စစ်ကာင်စီအတွက် အရေးကြီးတဲ့ လေယာဉ်တွေ ဖေါက်ခွဲဖျက်ဆီးခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Media TV ဆိုတဲ့ ဖေစ့်ဘွတ်ပေချ်ဲ့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရခိုင်လူမျိုး လေတပ် အရာရှိ အသက်နဲ့ ရင်းပြီး မင်းအောင်လှိုင် ကို ကလေ့စားချေပြီ။ ရခိုင်လူမျိုး လေတပ်အရာရှိ တစ်ယောက်က နေပြည်တော် စစ်ဌာနချုပ်မှာ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေယာဉ်တွေ ဖေါက်ခွဲမှု ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ တက်လာတယ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရခိုင်လူမျိုး လေတပ် အရာရှိက နေပြည်တော်ရှိ လေယာဉ်တွေ ဖောက်ခွဲလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံ သတင်းနဲ့ ဆက်စပ်ပြီး ကိုယ်ပိုင်အမြင်တွေကို နောက်ခံစကားပြောနဲ့ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
အခုဖြန့်ဝေနေတဲ့ ရခိုင်လူမျိုး လေတပ် အရာရှိက နေပြည်တော်ရှိ လေယာဉ်တွေ ဖောက်ခွဲလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



