ပျူစောထီးခေါင်းဆောင် သီတာယုမွန်ကို PDF တွေဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား
မြင်းခြံပြည်သူ့စစ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ အပေါင်းအပါ ၂၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဆီးလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပျုစောထီး ခေါင်းဆောင် ဒါ်သီသာယုမွန်ပါဝင်(၂၃)ဦး PDF တွေဖမ်းဆီး။ စစ်တပ်ရဲ့ အကြီးစား ပျူစောထီးခေါင်းဆောင် ဒေါ်သီသာယုမွန်နဲ့ အပေါင်းအပါ ၂၃ ဦး PDF တွေဖမ်းထာပြီ' ဆိုပြီး ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပျူစောထီးခေါင်းဆောင် သီတာယုမွန်ကို PDF တွေဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာတော့ မည်သည့် သတင်းဌာနမှာမှ အတည်ပြုထားခြင်းမရှိတဲ့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ကို PDF တွေဖမ်းဆီးတယ်ဆိုပြီး ပုံဟောင်းတွေကို အသုံးပြုဖန်တီးပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ပျူစောထီးခေါင်းဆောင် သီတာယုမွန်နဲ့ အပေါင်းအပါ ၂၃ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအပါအဝင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ ခင်ပွန်း ဒုပျူခေါင်းဆောင် ဦးစိန်လွင်ကို မူးယစ်ဆေးတွေနဲ့ ဒီနှစ်အစောပိုင်းက မန္တလေးတိုင်း မြင်းခြံ- ပုဂံ- ညောင်ဦးလမ်းပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးတာတော့ ရှိခဲ့ပါတယ်။
ဒါပေမယ့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



