ဦးဝင်းမြင့်ကို သမ္မတရာထူး ပြန်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု
ဦးဝင်းမြင့်ကို သမ္မတရာထူး ပြန်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇူလိုင်လ ၂၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပါဝင်တဲ့ ဓါတ်ပုံရယ်၊ သမ္မတဦးဝင်းမြင့် လက်ပြနုတ်ဆက်နေတဲ့ ဓါတ်ပုံရယ်၊ အချုပ်ခန်းတစ်ခုပုံစံ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “သမ္မတကြီး ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်၊ သမ္မတရာထူး ပြန်ပေးလို့ လန့်ကုန်ပြီ။ မအလနဲ့ စိုးဝင်းကိုယ်တိုင် ထွက်ကြိုရပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဦးဝင်းမြင့်ကို သမ္မတရာထူး ပြန်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီဟာ ဦးဝင်းမြင့်ကို ဖမ်းဆီးထားဆဲဖြစ်ပြီး ပြန်လွတ်ပေးခြင်း ရာထူးတစ်စုံတစ်ခု ပေးခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။