ဦးသန်းရွှေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၀ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဦးသန်းရွှေ ပါဝင်တဲ့ ဓါတ်ပုံတစ်ချို့ရယ် သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ဗိုလ်သန်းရွှေ နာရေး ဖြစ်ပြီဟေ့။ ဦးသန်းရွှေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မင်းအောင်လှိုင် ဖျက်သိမ်းလိုက်ပြီး အသစ်ပြန်လည်ရေးဆွဲ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေ ကွယ်လွန်သွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေ ကွယ်လွန်သွားခြင်း မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



