TNLA က သီပေါမြို့က တံတားကို မိုင်းခွဲဖျက်ဆီးသွားတယ်ဆိုတဲ့ သတင်းအတု
TNLA တပ်တွေက သီပေါမြို့ကနေ နမ္မတူ-နမ့်ဆန်ကို ဆက်သွယ်ထားတဲ့ တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးသွားတယ်ဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ် ချန်နယ်တွေအပြင် သတင်းဌာနတွေကပါ ရှမ်းပြည်နယ် သီပေါမြို့က တံတားအဖြစ် ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ “စစ်ရှုံးပြီး ထွက်ပြေးနေရတဲ့ အကြမ်းဖက် TNLA အဖွဲ့က တပ်မတော်ရဲ့ထိုးစစ်ကို ကြောက်လန့်နေတဲ့အတွက် သီပေါမြို့ကနေ နမ္မတူ-နမ့်ဆန်မြို့ကို ဆက်သွယ်ထားတဲ့ မိုးတေတံတားကို မိုင်းခွဲဖျက်ဆီး” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် facebook အကောင့်တွေကပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
TNLA တပ်တွေက သီပေါမြို့ကနေ နမ္မတူ-နမ့်ဆန်ကို ဆက်သွယ်ထားတဲ့ တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
သတင်းအမှားထဲမှာ ပါဝင်တဲ့ တံတားဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါက တံတား မဟုတ်သလို ဖျက်ဆီးခံရမှုမှာ TNLA နဲ့လည်း သက်ဆိုင်မှု မရှိပါဘူး။
သတင်းအမှားတွေထဲမှာ သုံးထားတဲ့ တံတားဟာ ရခိုင်ပြည် ဂွမြို့ မြောက်ပိုင်းက သံတွဲ-ဂွ- ရန်ကုန်ကားလမ်းပေါ်က ဆပ်သွားတံတားဖြစ်ပါတယ်။ အဆိုပါ တံတားဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်ကောင်စီတပ်တွေက ဖျက်ဆီးခဲ့တဲ့ တံတား တစ်စင်းဖြစ်တယ်လို့ AA ကလည်း ထုတ်ပြန်ထားခဲ့ဖူးပါတယ်။
ဆပ်သွားတံတား ဖျက်ဆီးခံထားရတဲ့ သတင်းဟောင်းကို ဒီနေရာမှာ ကြည့်ပါ။

ဒါ့အပြင် သျှမ်းသံတော်ဆင့် သတင်းဌာနကလည်း ရခိုင်ပြည်က တံတားကို သီပေါမြို့က တံတား နဲ့ မှားယွင်းဖော်ပြမိတဲ့အတွက် ပြန်တောင်းပန်ထားပါတယ်။ သျှမ်းသံတော်ဆင့် က သတင်းအမှားဖြစ်ကြောင်း ပြန်လည်တောင်းပန်ထားတဲ့ ပိုစ့်ကို ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေအပြင် မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။