မဲရုံတာဝန်ကျ ဆရာဆရာမတွေ ရာထူးတိုးအခွင့်အရေးရမယ်ဆိုတာ တကယ်လား

အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူး၊ဒုမဲရုံမှူးနဲ့မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမ တွေကို ရာထူးတိုးအပြောင်းအရွှေ့အတွက် အခွင့်အရေးပေးမယ်သွားမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။

ဒီပိုစ့်ကို Aung Naing Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေဖြစ်ပြီး ရွေးကောက်ပွဲပြီးပြီးချင်း နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ပိုစ့်မှာ ရေးသားထားတာက "၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူး၊ဒုမဲရုံမှူးနဲ့မဲရုံအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေ ကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့လက်မှတ်နဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သွားမှာဖြစ်သလို ရာထူးတိုးအပြောင်းအရွေ့အတွက်လည်း အခွင့်အရေးတွေ ပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောပါတယ်။" ဆိုပြီး ရေးသားခဲ့တာပါ။

ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းကို ဆန်းစစ်ဘို့ BOOM က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒေါက်တာတင်မောင်ဝင်းက "မဟုတ်ပါဘူး။ အဲ့လိုလုပ်လို့လည်း မရပါဘူး။ မဲရုံစောင့်လို့ ရာထူးတိုးရင် ကျွန်တော်တောင်သွားလုပ်ချင်သေးတယ်။ ဒါပေမယ့် မဲရုံစောင့် ဆရာ၊ဆရာမတွေက ဒီကာလမှာ တော်တော်ပင်ပန်းခဲ့ကြတယ်။ သူများတွေ မသွားမလာချင်တဲ့ ကိုဗစ်ဖြစ်နေတဲ့ ကာလမှာတောင် မဲရုံမစောင့်ခင် သင်တန်းတက်ရ၊ မဲထည့်တဲ့နေ့မှာလည်း တနေ့လုံး ညအထိ မဲရေတွက်တာတွေအထိ ပင်ပန်းခဲ့ကြတဲ့ အတွက် ရာထူးတိုးအပြောင်းအရွှေ့တွေမှာ ထည့်သွင်းစဉ်းစားပေးဖို့ ပြည်ထောင်စုဝန်ကြီးဆီကို တင်ပြပေးတာပါ။" ပြန်လည်ဖြေကြားထားပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ မဲရုံများမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ဆရာ၊ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ကြေငြာထားပါတယ်။


ပညာရေးဝန်ကြီးဌာနမှာ ကြေငြာထားချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Claim Review :   အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူး၊ဒုမဲရုံမှူးနဲ့မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမ တွေကို ရာထူးတိုးအပြောင်းအရွှေ့အတွက် အခွင့်အရေးပေးမယ်သွားမယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story