ရခိုင်မှာ အင်တာနက်လိုင်းတွေ ဖြတ်လိုက်ပြီဆိုတဲ့ သတင်းအတု

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ AA တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတဲ့အချိန် အင်တာနက်လိုင်းတွေ ပိတ်ဖို့ သတင်းအမှားတွေနဲ့ လှုံ့ဆော် ရေးသားမှုတွေ ရှိနေပါတယ်။

အဆိုပါ သတင်းအမှားကို ရဲခေါင်ကျော်စွာဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၁၁ မိနစ်က ရေးတင်ထားတာဖြစ်ပြီး "ရခိုင် Internet ဖြတ်လိုက်ပြီ သာလိစွပါ အမျိုးရို့" လို့ ရေးသားထားပါတယ်။ ၎င်းတင်ထားတဲ့ ပိုစ့်ရဲ့အောက်မှာတော့ ဘာသာခြားကို အဖေခေါ်ချင်နေသူတွေကို အပြီးချေမှုန်းသင့်ကြောင်း၊ AA တိုက် အပြတ်တိုက်ဖို့ ပိုကောင်းသွားကြောင်း ၊ AA စစ်ဦးစီးချုပ်ကို နားလည်သွားအောင် ပညာပေးလိုက်သင့်ကြောင်း မှတ်ချက်အမျိုးမျိုး ရေးသားနေကြပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၅၀၀ နီးပါးရှိကာ ထပ်ဆင့်ဝေမျှသူတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ရဲခေါင်ကျော်စွာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ ရခိုင်မှာ အင်တာနက်ဖြတ်တောက်လိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းဖြစ်တာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပေမယ့် အင်တာနက်လိုင်းတွေတော့ ဖြတ်တောက်ထားခြင်း မရှိပါဘူး။ ရံဖန်ရံခါအနေနဲ့ လက်နက်ကြီးကျလို့ ဖုန်းတာဝါတိုငးတွေ ပျက်ဆီးတာ ရှိပေမယ့် အင်တာနက် သီးသန့်ဖြတ်တောက်ထားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်းက သတင်းထောက်တစ်ဦးကို Boom Myanmar က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ရခိုင်ပြည်နယ်အတွင်းမှာ လက်ရှိ အင်တာနက်ဖြတ်တောက်ထားတာ မရှိကြောင်း၊ တစ်ချို့နယ်ဘက်တွေမှာ တာဝါတိုင် နဲ့ဝေးကွာသဖြင့် လိုင်းမမိတာတွေ ရှိကြောင်း၊ နေရာအများစုမှာတော့ အင်တာနက်လိုင်းတွေ နှေးကွေးကြောင်း၊ တစ်ချို့နေရာတွေမှာ Mytel တစ်ခုသာ မိတယ်လို့ ဆိုပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီတပ်တွေကို ထောက်ခံအားပေးကာ ၎င်းတို့ရဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေကို သတင်းအမှားတွေဖြန့်ကာ ဝါဒဖြန့် တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

Claim :   ရခိုင် Internet ဖြတ်လိုက်ပြီ
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.