
ဗုံးတစ်လုံးခွဲရင် NUG က သိန်း ၃၀ ပေးတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းအတု
လူမှုကွန်ယက်ပေါ်မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ပတ်သက်ပြီးလုပ်ကြံရေးသားထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအမှားကို Zar Zar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၂၅ ရက် ည ၁၁ နာရီခွဲမှာ "We Love U Htay Aung" ဆိုတဲ့ ဖေ့စ်ဘွတ် Group ထဲမှာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။ မူရင်းရေးသားထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်ထဲမှာ "NUG အကြမ်းဖက် အဖွဲ့မှ ဗုံး ၁ လုံးခွဲနိုင်လျှင် သိန်းသုံးဆယ်ပေး၍ စေခိုင်းနေသဖြင့် အမိအဖ ပြည်သူများ သတိကြီးစွာထားပြီး အဖျက်သမား များအား ဖော်ထုတ်ပြီး နီးစပ်ရာစခန်းများသို့ သတင်းပေးပို့ ကြပါရန်" လို့ ရေးသားထားပါတယ်။
ဌေးအောင်ထောက်ခံသူ Group ထဲမှာဖြန့်ဝေထားတဲ့ အဆိုပါ အကြောင်းအရာကို Like လုပ်ထားသူ ၉၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၃၀၀ ကျော်ရှိနေပြီး Thein Naing Win ဆိုတဲ့ နောက်ထပ်ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်း အဲ့ဒီ သတင်းအမှားကို ကူးယူဖော်ပြထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
သတင်းဆန်းစစ်ချက်
We Love U Htay Aung ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲ မှာ ရေးသားထားတဲ့ ဗုံးတစ်လုံးခွဲရင် NUG က သိန်း ၃၀ ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့် ရေးသားထားတဲ့ သတင်းအတုဖြစ်ကြောင်း တွေ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ ဝန်ကြီးဌာနတွေ ဖွဲ့စည်းပြီး၊ နိုင်ငံတကာအဖွဲ့အစည်းတွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံကာ စစ်အာရှင်စနစ်ပြုတ်ကျဖို့နဲ့ ဖက်ဒရယ်ပညာရေးစနစ်၊ ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်ပေါက်လာဖို့ လုပ်ဆောင်နေပြီး၊ ပြည်သူအများထည့်ဝင်လာတဲ့ လှူဒါန်းငွေနဲ့ CDM ပြုလုပ်နေသူတွေကို ငွေကြေးထောက်ပံ့ဖို့၊ ကရင်ပြည်နယ်က စစ်ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်မှုတွေရှိပါတယ်။
ရန်ကုန်အပါအဝင် မြို့အသီးသီးမှာ လက်လုပ်မိုင်းတွေ မကြာခဏ ပေါက်ကွဲနေပြီး ယင်းပေါက်ကွဲမှုတွေဟာ အခုချိန်ထိ ဘယ်သူဘယ်ဝါတွေရဲ့ လက်ချက်မှန်း မသိရသေးပါဘူး။ ဒီဖောက်ခွဲမှုတွေအတွက်လည်း အမျိုးသားညီညွတ်ရေး အစိုးရက ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိသလို ဒီလိုအချက်အလက်မျိုးကို စစ်ကောင်စီကိုယ်တိုင်က ထုတ်ပြန်ကြေငြာထားတာမျိုးလည်းမရှိသေးပါဘူး
Claim : We Love U Htay Aung ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲ မှာ ရေးသားထားတဲ့ ဗုံးတစ်လုံးခွဲရင် NUG က သိန်း ၃၀ ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
Claimed By : facebook
Fact Check : False
Next Story