မင်းအောင်လှိုင်နဲ့ ဒေါ်စုတွေ့ဆုံပြီး အပြီးသတ်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု
မင်းအောင်လှိုင်နဲ့ ဒေါ်စုတွေ့ဆုံပြီး အပြီးသတ်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကိုYouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပါဝင်တဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဒီနေ့ မင်းအောင်လှိုင်နဲ့ ဒေါ်စု တွေ့ဆုံပြီး သဘောတူညီမှုရပြီ။ အပြီးသတ် ပြန်လွှတ်ပေးလိုက်ပြီလို့ ကြေညာ။ MRTV ရုပ်သံကနေ ကမ္ဘာသိ ချပြလိုက်ပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မင်းအောင်လှိုင်နဲ့ ဒေါ်စုတွေ့ဆုံပြီး အပြီးသတ်လွှတ်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှာ ဖမ်းဆီးထားဆဲ ဖြစ်ပြီး အပြီးသတ်လွှတ်ပေးလိုက်ခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



