AA စစ်ဦးစီးချုပ်ကို တရုတ်က ဝင်ဖမ်းတယ်ဆိုတဲ့ သတင်းအတု
AA စစ်ဦးစီးချုပ်ကို တရုတ်က ဝင်ဖမ်းတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကိုYouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ AA စစ်ဦးစီးချုပ်ရဲ့ ဓါတ်ပုံရယ် တရုတ်ခေါင်းဆောင်တွေရဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ထွန်းမြတ်နိုင်ကို တရုတ်ဝင်ဖမ်း၊ မနိုင်တော့လို့ ခွေးပု အဖေ တရုတ်ကို အကူအညီတောင်းပြီ။ တရုတ်မှာ နေနေတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဖမ်းပေးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
AA စစ်ဦးစီးချုပ်ကို တရုတ်က ဝင်ဖမ်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
AA စစ်ဦးစီးချုပ်ကို တရုတ်အပါအဝင် မည်သည့်အဖွဲ့ကမှ ဝင်ဖမ်းခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



