ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ တရုတ်သမ္မတရဲ့ ဓါတ်ပုံရယ်၊ သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တစ်နိုင်ငံလုံး ဖြစ်ချင်တဲ့ ကိစ္စ တကယ်ဖြစ်ပြီ။ တရုတ်သမ္မတ အမေစုကို ကယ်ပြီဟာ။ အမေစုကို ချက်ချင်း လွှတ်ပေးပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။