စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးမှာ ရိုဟင်ဂျာ ၁ သန်းစီ လက်ခံမယ်လို့ ဖြန့်ထားတဲ့ သတင်းအတု
စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးမှာ ရိုဟင်ဂျာ ၁ သန်းစီ လက်ခံမယ်လို့ ဖြန့်ထားတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအတုကို Voice of Unity ဆိုတဲ့ Facebook page တစ်ခုက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ရိုဟင်ဂျာတွေ ပါဝင်တဲ့ ဓါတ်ပုံရယ်၊ စစ်ကောင်စီ သမ္မတမင်းအောင်လှိုင် ပါဝင်တဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ Breaking News ဟုဆိုကာ “မင်းအောင်လှိုင်အစိုးရမှ ရိုဟင်ဂျာများကို လိုအပ်ရင် လက်ခံမည်ဖြစ်ပြီး ရန်ကုန်တိုင်းတွင် ၁ သန်းဝန်းကျင် ၊ မန္တလေးတိုင်းတွင် ၁ သန်း ဝန်းကျင် အရင်ဆုံးချထားပြီး ကျန်လူဦးရေများကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာချထားပေးဖို့ စဉ်းစားနေဟု သတင်းထွက်ပြီ။” လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၁၀၀၀ ကျော်နဲ့ မှတ်ချက်ရေးသားသူ ၄၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီက ရန်ကုန်နဲ့ မန္တလေးမှာ ရိုဟင်ဂျာ ၁ သန်းစီ လက်ခံမယ်လို့ ဖြန့်ထားတဲ့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ICJ က Genocide ကျူးလွန်ကြောင်း အမိန့်ချပြီးနောက် လူမှုကွန်ယက်ပေါ် အမုန်းစကားတွေ မြင့်တက်နေသလို့ အခုလို သတင်းအမှားဖြန့်ပြီး သွေးထိုးလှုံ့ဆော်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ICJ က ချမှတ်ခဲ့တဲ့ အမိန့်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက တရားမျှတမှု မရှိဘူးလို့သာ လတ်တလော တုန့်ပြန်ထားပြီး ရိုဟင်ဂျာတွေ ရန်ကုန်နဲ့ မန္တလေးမှာ ၁ သန်းစီ လက်ခံမယ်လို့ ပြောထားခြင်း မရှိပါဘူး။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်အဖွဲ့အစည်း ၊ မည်သည့်သတင်းဌာနကမှ ထုတ်ပြန်ထားခြင်းမရှိပါဘူး။ သတင်းအမှားဖြန့်သူက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Facebook Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ယခင်က ချင်းပြည်နယ် မတူပီမြို့က The Matupi Public Forum ဆိုတဲ့ နာမည်နဲ့ Page စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိ Page ကို Australia က တစ်ယောက်နဲ့ Canada က တစ်ယောက်တို့က Admin အဖြစ်ကိုင်ထားပြီး လူမျိုးရေး အမုန်းတရားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။



