ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ကြူကြူလှ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းအမှား
ဆေးရုံကုတင်တစ်ခုပေါ်မှာ လှဲအိပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှ သွားရောက်တွေ့ဆုံတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sou Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ဆေးရုံကုတင်တစ်ခုပေါ်မှာ လှဲအိပ်နေသယောင် AI နဲ့ ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုပြီး 'ဒေါ်အောင်ဆန်းစုကြည်ကို ကြူကြူလှ သွားတွေ့ပြီး မထင်ထားတာ ဖြစ်ကုန်ပြီ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ကြူကြူလှ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲက ဆေးရုံကုတင်တစ်ခုပေါ်မှာ လှဲအိပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံဟာ AI နဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံသာဖြစ်ပါတယ်။
ဒါ့အပြင် Kyimyindaing Channel ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖြန့်ဝေထားတဲ့ 'AA နဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ အရာရှိအဆင့် ဒါဇင်နဲ့ချီ ကျဆုံးနေပြီး ၊ စစ်ကောင်စီအသိုင်းအဝိုင်းကြားမှာစိုးရိမ်မှုကြီးမားလာနေ' ဆိုတဲ့ အကြောင်းအရာကိုလည်း နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ကြူကြူလှ သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ အကြောင်းအရာကို စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ရေး ချန်နယ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
ဖြန့်ဝေထားတဲ့ ဓါတ်ပုံတွေဟာ AI နည်းပညာနဲ့ လုပ်ကြံဖန်တီးထားတဲ့ ပုံတွေပဲ ဖြစ်ပါတယ်။
ဒီဖြန့်ဝေမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သားဖြစ်သူ ကင်မ်အဲရစ်က Reuters သတင်းဌာနနဲ့ ပြောဆိုမှုအပြီး လူစိတ်ဝင်စားမှု မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ စစ်တပ်ရဲ ထုတ်ပြန်မှုဟာ ယုံကြည်စရာမရှိဘဲ မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ပေးမှ လက်ခံယုံကြည်နိုင်မယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက သူရဲ့ လူမှုကွန်ရက် စာမျက်နှာက တစ်ဆင့် ပြောဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန် ခဲ့တာဖြစ်ပေမယ့် ဓာတ်ပုံ၊ ဗီဒီယို အပါအဝင် သက်သေတစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



