အခြားဖြစ်စဉ်က ဗီဒီယိုဖိုင်အဟောင်းကို အသုံးပြုပြီး အနုမြူဗုံး ပေါက်ကွဲသယောင် ရေးသားဖြန့်ဝေ နေတဲ့ သတင်းအမှား
ပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုက ဗီဒီယိုဖိုင်ကို အသုံးပြုပြီး နောက်ခံအသံတွေ ပြုပြင်ပြောင်းလဲကာ အနုမြူဗုံး ပေါက်ကွဲသယောင် ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Ah Shi Naw ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇွန်လ ၂၁ ရက်မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့်ပိုင်းသာရှိတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခုကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်နဲ့အတူ ‘အနုမြူဗုံး’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေချိန်ဟာ အစ္စရေး- အီရန် အပြန်အလှန် ပစ်ခတ်နေချိန် ဖြစ်တဲ့အတွက် ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြား အထိတ်တလန့် ဖြစ်ဖို့ တမင်ရည်ရွယ် ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီဗီဒီယိုဖိုင် မူရင်းဟာ ဇွန်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ လီဝိုတိုဘီ လာကီလာကီ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်က ပုံရိပ်တွေဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ဇွန်လ ၁၇ ရက်နေ့ညပိုင်းက စတင်ခဲ့တဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒေသအာဏာပိုင်တွေက အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အိန္ဒိယ၊ စင်ကာပူနဲ့ သြစတြေးလျကနေ ဘာလီကို လာမယ့် နိုင်ငံတကာ လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရတယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို Bangkok Post သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။