BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကို အမေရိကန် FBI ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား
အကြမ်းဖက် စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူကို ကျားဖြန့်အမှုနဲ့ ပတ်သက်ပြီး အမေရိကန် ဗဟိုစုံစမ်းစစ်ဆေးရေးဗူရို (FBI) ဖမ်းဆီးလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ နိုင်ဝင်ဘာလ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'BGF က စောချစ်သူကို FBI က ဖမ်းဆီးလိုက်ပါတယ်။ ကျားဖျန့်မှာ မင်းအောင်လှိုင်တို့နဲ့ ပါတ်သတ်နေကြောင်း ဖွင့်ချ၊ မင်းအောင်လှိုင် အကြပ်ကိုင်ခံရပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကို အမေရိကန် FBI ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Khit Thit Media သတင်းဌာနမှာ နိုင်ဝင်ဘာလ ၉ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာနိုင်ငံတွင် ကျားဖြန့်လုပ်ငန်းများမှ ရရှိသည့် ဒေါ်လာဘီလီယံချီ တရားမဝင်ငွေကြေးများကို ခဝါချနေသည့် ကွန်ရက်များနှင့် ပြည်တွင်းကုမ္ပဏီများကို ပစ်မှတ်ထား အရေးယူရန် FATF သတိပေး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မြန်မာနိုင်ငံအတွင်း ကျားဖြန့်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေက ရရှိတဲ့ တရားမဝင်ငွေကြေးတွေကို ခဝါချနေတဲ့ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိတဲ့ တရားမဝင်ကွန်ရက်တွေနဲ့ ပြည်တွင်းရှိ အခွံကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ထိထိရောက်ရောက် အရေးယူဖို့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (FATF) က မြန်မာနိုင်ငံကို သတိပေးထားကြောင်း၊ FATF ရဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက် ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုနဲ့ အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်တဲ့ လက်နက်တွေ ပြန့်ပွားရေးအတွက် ငွေကြေးထောက်ပံ့မှုတို့ကို တားဆီးထိန်းချုပ်ရာမှာ မဟာဗျူဟာအရ အားနည်းချက်တွေ ဆက်လက်ရှိနေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ခံထားရကြောင်း၊
မြန်မာနိုင်ငံအနေနဲ့ ငွေကြေးဆိုင်ရာ အားနည်းချက်တွေကို ပြုပြင်ဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ထပ်မံမပြသနိုင်ပါက ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလမှာ ပိုမိုပြင်းထန်တဲ့ တန်ပြန်အရေးယူမှုတွေ ချမှတ်ဖို့ FATF က စဉ်းစားသွားမှာဖြစ်တယ်လို့လည်း သတိပေးထားကြောင်း၊ FATF က မြန်မာနိုင်ငံရဲ့ အဓိက ငွေကြေးဆိုင်ရာ အန္တရာယ်တွေဟာ သာမန်ဘဏ်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးလိမ်လည်မှုတွေထက် နိုင်ငံဖြတ်ကျော် လုပ်ကိုင်နေတဲ့ ကြီးမားတဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေက အဓိက ဖြစ်ပေါ်နေတာတွေကို ထောက်ပြထားကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ကို အမေရိကန် FBI ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



