ICJရဲ့ အမှုတွဲအားလုံး ICC လွှဲအပ်ခုံရုံးတင်ဖို့ လုံခြုံရေးကောင်စီ အမိန့်ချလိုက်ပြီဆိုတဲ့ သတင်းအမှား
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အမှုတွဲအားလုံးကို အပြည်ပြည်ဆိုင်ရာဇဝတ်ခုံရုံး ICC ကိုလွှဲအပ်ပြီး ခုံရုံးတင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမိန့်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Media ဆိုတဲ့ Youtube ချန်နယ်မှာ နိုင်ဝင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့် ထုတ်သုံးပြီ။ ICJရဲ့ အမှုတွဲအားလုံး ICC ခုံရုံးတက်ဖို့ လုံခြုံရေးကောင်စီ အမိန့်ချ။ ဖမ်းဆီးဖို့ စစ်တပ်ဗိုလ်ချုပ်တွေ နာမည်အတိအကျထွက်ပေါ်လာ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ICJရဲ့ အမှုတွဲအားလုံး ICC လွှဲအပ်ခုံရုံးတင်ဖို့ လုံခြုံရေးကောင်စီ အမိန့်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Khit Thit Media သတင်းဌာနမှာ နိုင်ဝင်ဘာလ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာစစ်ကောင်စီက ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ကို ပယ်ချပြီးနောက် ပြင်သစ်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးယူဆောင်ရွက်ရန် တောင်းဆို၊ နယူးဇီလန်ကလည်း ICJ စီရင်ချက်ကို အပြည့်အဝလိုက်နာရန် တိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ကို ပယ်ချခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစည်းအဝေးခေါ်ယူကာ အရေးယူဆောင်ရွက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၁ ရက် ကြေညာချက်မှာ ICJ ရဲ့ စီရင်ချက်တွေဟာ အပြီးသတ်ဖြစ်ပြီး သက်ဆိုင်တဲ့ အမှုသည်တွေအပေါ် စည်းနှောင်မှုရှိတဲ့အတွက် နိုင်ငံတကာဥပဒေနဲ့ အညီ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် အမှုမှာ ပါဝင်တဲ့ တစ်ဖက်နိုင်ငံက ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ပါက ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီထံ တင်ပြနိုင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ICJရဲ့ အမှုတွဲအားလုံး ICC လွှဲအပ်ခုံရုံးတင်ဖို့ လုံခြုံရေးကောင်စီ အမိန့်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



