ဦးခင်ရီကို စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအမှား
လက်ရှိ သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီအတွင်း အာဏာလုပွဲတွေကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကို စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဦးခင်ရီ စစ်တပ်က ဖမ်းဆီး။ အချင်းချင်း အာဏာလုနေကြပြီ ၊လွှတ်တော် အဆောက်ဦးထဲ့ စစ်တပ်ဝင်စီးပြီး ခင်ရှီကို ဖမ်းဆီးလိ ပဲဆနေကြပီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ကြံ့ခိုင်ရေးပါတီအတွင်း အာဏာလုပွဲတွေကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကို စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဧရာဝတီ သတင်းဌာနမှာ စက်တင်ဘာ ၁၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ဗိုလ်ချုပ်တွေကြား ပါတီအာဏာလုပွဲတွေ ဘာလို့ဖြစ်နေတာလဲ' ဆိုတဲ့ ရုပ်သံသတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ကြံ့ခိုင်ရေးပါတီ ညီလာခံရက်ရွှေ့ဆိုင်းလိုက်တာက ဥက္ကဌနေရာ အပြောင်းအလဲနဲ့ ထိပ်ပိုင်းနေရာ တွေအတွေက် အဝေမတဲ့တာတွေကြောင့်လို့ သတင်းထွက်နေကြောင်း၊ အာဏာသိမ်းခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီကိုပါ အာဏာထပ်သိမ်းလိုတာကြောင့်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေကြောင်း စတဲ့ အကြောင်းအရာတွေကို ရုပ်သံမှာ ပြောဆိုထားတာပါ။
ဒီသတင်းထဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီကို စစ်တပ်က ဖမ်းဆီးလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ အခြားသတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဧရာဝတီ သတင်းဌာနမှာ ဖြန့်ဝေထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



