လေဖြတ်လူနာနဲ့ ပတ်သက်ပြီး ဖြန့်ဝေနေတဲ့ အချက်အလက်အမှားတွေ
လေဖြတ်တဲ့အခါ လူနာကို မရွှေ့ဘဲ လက်ချောင်းထိပ်တွေနဲ့ နားရွက်တွေကို အပ်နဲ့ဖောက်ပြီး သွေးထုတ်ပါက လေဖြတ်ခြင်းကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ကိုယ်တစ်ခြမ်းသေခြင်း၊ စကားမပီခြင်းတွေ လုံးဝမဖြစ်တော့ဘူးဆိုပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ၂၀၀၆ ခုနှစ်လောက်ကတည်းက အီးမေလ်းတွေထဲမှာ ထည့်သွင်းဖြန့်ဝေနေတာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေ အသုံးများလာတဲ့ နောက်ပိုင်းမှာလည်း နှစ်စဉ်ထပ်တလဲလဲ ပြန်လည်ဖြန့်ဝေနေကြတာပါ။
အင်္ဂလိပ်ဘာသာစကားနဲ့ ဖြန့်ဝေထားတဲ့ ပိုစ့်တွေမှာတော့ တရုတ်ပရော်ဖက်ဆာ တစ်ဦးက ပြောဆိုတယ်ဆိုပြီး စာသားတွေနဲ့ ရေးသားဖြန့်ဝေသလို အချို့ဖြန့်ဝေမှုတွေမှာတော့ ဗီဒီယို ရုပ်သံအနေနဲ့ ဖြန့်ဝေနေကြတာပါ။
မြန်မာနိုင်ငံမှာတော့ ဒီအကြောင်းအရာကို ၂၀၂၀ မတိုင်မီကတည်းက စတင်ပြီး ဘာသာပြန်ပြီး ဖြန့်နေတာပါ။
အခုရက်ပိုင်းမှာလည်း ဒီအကြောင်းအရာကို ထပ်မံဖြန့်ဝေလာတဲ့အတွက် BOOM Myanmar က သတင်းဆန်းစစ်ထားပါတယ်။
ဖြန့်ဝေရာမှာ 'ရုတ်တရက်လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း။
(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။
ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသောလှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။
(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။
လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။
(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။
နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။
(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။
ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက အကြောသေခြင်း၊ ကိုယ်တစ်ခြမ်းသေခြင်း၊ ခြေလက်လှုပ်မရခြင်း၊ စကားမပီသခြင်း စသည်တို့ လုံး၀မဖြစ်နိုင်တော့ပါ။ လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီအကြောင်းအရာကို သာမာန် အင်တာနက်အသုံးပြုသူတွေသာမက တိုင်းရင်းဆေးထုတ်လုပ်ဖြန့်ချိနေတယ်ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်တွေကပါ ကူးယူဖြန့်ဝေပြီး လေဖြတ်ရောဂါကု ဆေးတွေရောင်းနေကြတာလည်း ရှိပါတယ်။
Royal-A တိုင်းရင်းဆေးဝါးထုတ်လုပ် ဖြန့်ချီရေးက ၂၀၂၅ ခုနှစ် မတ်လအတွင်းက ဖြန့်ဝေထားမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
လေဖြတ်လူနာရဲ့ လက်ချောင်းထိပ်တွေနဲ့ နားရွက်တွေကို အပ်နဲ့ဖောက်ပြီး သွေးထုတ်ပါက ကိုယ်တစ်ခြမ်းသေခြင်းနဲ့ စကားမပီခြင်းတွေ မဖြစ်တော့ဘူးဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို BOOM Myanmar က သတင်းဆန်းစစ်ကြည့်တဲ့အခါ ဒါဟာ ဆေးပညာအရ အတည်ပြုထားတာမရှိတဲ့ အချက်အလက်အမှားတွေသာ ဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိရပါတယ်။
ဒီအကြောင်းအရာကို AP သတင်းဌာနမှာ ၂၀၁၉ ခုနှစ်ကတည်းက သတင်းဆန်းစစ်ထားပြီး ဒါဟာ အချိန်ဖြုန်းမှုတစ်ခုသာ ဖြစ်တဲ့အပြင် ဆေးပညာအရ သက်သေအတည်ပြုထားတာ မရှိဘူးလို့ American Heart Association နဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ကိုလံဘီယာ တက္ကသိုလ်က အာရုံကြောဆိုင်ရာရောဂါ ပါမောက္ခ ဒေါက်တာ Mitchell Elkind က ပြောတယ်ဆိုပြီး ကိုးကားရေးသားထားပါတယ်။
ဒေါက်တာ Mitchell Elkind က လေဖြတ်နေသူရဲ့ လက်ချောင်းတွေကို အပ်နဲ့ ဖောက်ခြင်းဟာ ရောဂါအတွက် အထောက်အကူဖြစ်စေတယ်ဆိုတဲ့ ဆေးပညာဆိုင်ရာ အထောက်အထား မရှိသလို ဒီလုပ်ရပ်ဟာ အဖိုးတန် အချိန်တွေကို ဆုံးရှုံးစေနိုင်ကြောင်း၊ ဒါ့အပြင် ဒီလိုလုပ်တာ လုံးဝ အဓိပ္ပါယ် မရှိတဲ့ ကိစ္စဖြစ်ပြီး တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ကြောင်း ပြောထားပါတယ်။
AP သတင်းဌာနက သတင်းဆန်းစစ်ထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အမှန်တကယ်က လေဖြတ်ခြင်းဟာ ဦးနှောက်ထဲ သွေးရောက်ရှိမှုကို ပိတ်ဆို့ခြင်း (Ischemic Stroke) သို့မဟုတ် ဦးနှောက်သွေးကြောပေါက်ခြင်း (Hemorrhagic Stroke) တို့ကြောင့် ဦးနှောက်ဆဲလ်တွေ ထိခိုက်ပျက်စီးရခြင်း ဖြစ်ကြောင်း ဆေးဘက်ဆိုင်ရာ သုတေသနတွေမှာ ရေးသားထားပါတယ်။
ဒါကြောင့် လက်ချောင်းထပ်တွေနဲ့ နားရွက်တွေကို အပ်နဲ့ဖောက်ပြီး သွေးထုတ်လိုက်ရုံနဲ့ ဦးနောက်တွင်း သွေးကြောပိတ်ဆို့မှုကို ဒါမှမဟုတ် သွေးကြောပေါက်နေမှုကို လုံးဝ ကုသနိုင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
နောက်ထပ် အချက်တစ်ခုအနေနဲ့ ပိုးသတ်မထားတဲ့ အပ်တွေကို သုံးမိပါက လူနာမှာ ပိုးဝင်ခြင်း (Infection) ပါ ထပ်ဆင့်ဖြစ်ပွားနိုင်ပြီး အရေးကြီးနဲ့ အချိန်တွေကို ဆုံးရှုံးစေနိုင်တယ်လို့ ဆိုထားပါတယ်။
နောက်ဆုံးအနေနဲ့ 'လေဖြတ်သောလူနာကို ဖြစ်တဲ့နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မလုပ်နဲ့' ဆိုတဲ့ အချက်ဟာလည်း အန္တရာယ်ကြီးတဲ့ အချက်အလက် အမှားတစ်ခုဖြစ်ပါတယ်။
အမှန်က လေဖြတ်လူနာတစ်ဦးအတွက် အရေးကြီးဆုံးမှာ ဖြစ်ဖြစ်ခြင်း ဆေးရုံကို အမြန်ဆုံး ရောက်ရှိရမယ့် (Golden Period) လို့ ခေါ်တဲ့ ဖြစ်ပွားပြီးချိန် (၄-၅ နာရီအတွင်း) မှာ ဦးနှောက် CT Scan ရိုက်ကူးတာ၊ သွေးကြောပိတ်တာတွေ ဖယ်ရှားတဲ့ဆေး သို့မဟုတ် ကုသမှုတွေ ပြုလုပ်မှသာ အကြောသေခြင်းနဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဆေးပညာမှာ ဆိုထားပါတယ်။ ဒီလို အရေးကြီးချိန်မှာ ဆေးရုံကို မသွားပဲ လက်ထိပ်ကို အပ်နဲ့သွေးဖောက်တာတွေ လုပ်ရင်း အချိန်ဆွဲမိပါက လူနာအတွက် ကုသချိန် ကျော်လွန်သွားကာ ထာဝရ မသန်စွမ်းဖြစ်သွားခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်း ဖြစ်နိုင်တယ်လို့လည်း ဆိုထားပါတယ်။
Siloam Hospitals က ရေးသားထားတဲ့ လေဖြတ်ခြင်းဆိုင်ရာ အရေးပေါ် ပြုစုကုသမှုတွေ အကြောင်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
လေဖြတ်လူနာနဲ့ ပတ်သက်ပြီး ဖြန့်ဝေနေတဲ့ ဒီအကြောင်းအရာဟာ ကျန်းမာရေးနဲ့ ပတ်သက်လို့ အန္တရာယ်ကြီးမားတဲ့ အချက်အလက်မှားတွေသာ ဖြစ်ပါတယ်။



