ထိုင်းစစ်ဦးစီးချုပ်က မြန်မာစစ်တပ်ကို ဝေဖန်ပြီး ဆက်ဆံရေးဖြတ်တောက်လိုက်တယ်ဆိုတဲ့ သတင်းအမှား
ထိုင်းစစ်ဦးစီးချုပ်က မြန်မာစစ်တပ်ကို အကြမ်းဖက်စစ်တပ်လို့ ဝေဖန်ပြောဆိုကာ ထိုင်းအစိုးရနဲ့ မင်းအောင်လှိုင်တို့ကြား ဆက်ဆံရေး ဖြတ်တောက်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို KhitThit Media Group ဆိုတဲ့ Youtube ချန်နယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာစစ်တပ်ကို အကြမ်းဖက်စစ်တပ်ဟု ထိုင်းတပ်မတော် ကာချုပ်ကြီးပြောပြီ။ ထိုင်းအစိုးရနဲ့မင်းအောင်လှိုင်ကြားဆက်ဆံရေး ဖြတ်တောက်ပြီ။ မအလနဲ့ သဘောတူညီချက်များ ထိုင်းလွှတ်တော်ဖျက်သိမ်း' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ထိုင်းစစ်ဦးစီးချုပ်က မြန်မာစစ်တပ်ကို ဝေဖန်ပြီး ဆက်ဆံရေးဖြတ်တောက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Khit Thit Media သတင်းဌာနမှာ အောက်တိုဘာလ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'ထိုင်းနိုင်ငံဘက်အခြမ်းသို့ မြန်မာဘက်မှ လက်နက်ကြီးကျည်များ ကျရောက်ပါက တုံ့ပြန်ပစ်ခတ်မည်ဟု ထိုင်းစစ်တပ်က သတိပေး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မြန်မာဘက်ကနေ လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံဘက်အခြမ်းကို ထပ်ပြီး ကျရောက်လာပါက ပြန်လည်တုံ့ပြန် ပစ်ခတ်သွားမယ်လို့ ထိုင်းစစ်တပ်က တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း၊ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ဒေသခံပြည်သူတွေ ထိခိုက်မှုတွေ ထပ်မံကြုံတွေ့နေရကြောင်း၊ အဲဒီတိုက်ပွဲအတွင်း ၆၀ မမ မော်တာကျည်တွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့တာကြောင့် ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရကြောင်း၊ အဲဒီမော်တာကျည်တွေဟာ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲက ကျေးရွာအတွင်းကို ကျရောက်ခဲ့တာဖြစ်ပြီး ကျည်ပေါက်ကွဲမှုကြောင့် နေအိမ်တွေထဲနဲ့ အနီးဝန်းကျင်မှာ မော်တာကျည်အစအနတွေ ပြန့်ကျဲနေကြောင်း၊ ဒါ့အပြင် နေအိမ်တချို့ရဲ့ သွပ်အမိုးတွေ ပျက်စီးခဲ့သလို အိမ်အဆောက်အအုံတွေမှာလည်း ကျည်ထိမှန်ထားတဲ့ အပေါက်ရာတွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်လို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ခဲ့ရတဲ့ အိမ်ပိုင်ရှင်တွေနဲ့ အနီးဝန်းကျင်က ထိုင်းပြည်သူတွေဟာ တိုက်ပွဲနဲ့ လက်နက်ကြီးကျည်တွေကြောင့် ထိတ်လန့်ပြီး နေအိမ်တွေကို စွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း တွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ထိုင်းစစ်ဦးစီးချုပ်က မြန်မာစစ်တပ်ကို ဝေဖန်ပြီး ဆက်ဆံရေးဖြတ်တောက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



