မြန်မာစစ်တပ်ပိုင်လေယာဉ်ကို ထိုင်းလေတပ်ပစ်ချတယ်ဆိုတဲ့ သတင်းအမှား
ထိုင်းနိုင်ငံဘက်ကို ဗုံးမှားကြဲလိုက်တဲ့ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ စစ်လေယာဉ်ကို ထိုင်းနိုင်ငံ စစ်တပ်က ပစ်ချလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ နိုင်ဝင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းစစ်တပ်က လက်စားချေနေပြီ။ ထိုင်းဘက်ကို ဗုံးမှားကြဲလို့ စစ်လေယာဉ် ထိုင်းက ပစ်ချ၊ ရဲဝင်းဦးကို မင်းအောင်လှိုင် ဆဲဆိုနေပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာစစ်တပ်ပိုင်လေယာဉ် ထိုင်းလေတပ်ပစ်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ RFA သတင်းဌာနမှာ နိုင်ဝင်ဘာလ ၁ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်တပ်ဗုံးကြဲမှုကြောင့် ထိုင်းဘက်က အဆောက်အအုံတချို့ ပျက်စီး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဖာပွန်မြို့နယ် သော်လဲထစခန်းကို စစ်တပ်က အောက်တိုဘာလ ၃၁ရက် ညနေ ၇ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက အဆောက်အအုံတချို့ ပျက်စီးခဲ့ကြောင်း၊ စစ်တပ်က သံလွင်မြစ်ကမ်းဘေးက သော်လဲထစခန်းကို လေယာဉ်နဲ့ ဗုံးနှစ်လုံး ကြဲချခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်၊ ဆော့မိုးအိမြို့နယ်၊ မဲ့စန်လက် (Mae Sam Laep) ရွာက ဆေးရုံ၊ အုပ်ချုပ်ရေးအဖွဲ့ပိုင် အစည်းအဝေးခန်းမ နဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက ပြတင်းပေါက်နဲ့ မျက်နှာကျက်တွေ ပျက်စီးခဲ့ကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးချက်တွေအရ နေအိမ်နဲ့ အဆောက်အအုံ ၁၇ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ သေဆုံးဒဏ်ရာရသူ မရှိဘူးကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ထိုင်းနိုင်ငံဘက်ကို ဗုံးမှားကြဲလိုက်တဲ့ မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ စစ်လေယာဉ်ကို ထိုင်းနိုင်ငံ စစ်တပ်က ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



