NLD ခေါင်းဆောင် ၅ ဦး အသတ်ခံရတယ်ဆိုတဲ့ သတင်းအမှား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခေါင်းဆောင်ပိုင်း (၅) ဦး အသတ်ခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Khit Thit Burma ဆိုတဲ့ Youtube ချန်နယ်မှာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၅ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သတင်းဆိုးကြီး။ NLD လူကြီး (၅)ဦးသတ်ခံရ။ လူတိုင်းစိတ်ခိုင်ခိုင်ထားပြီး သေချာလေး ကြည့်ပေးကြပါ၊ အမေစုနဲ့ ခေါင်းဆောင်တွေ အဖြစ်ဆိုးကြုံရပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NLD ခေါင်းဆောင် ၅ ဦး အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Khit Thit Media သတင်းဌာနမှာ အောက်တိုဘာလ ၁၂ ရက်နေ့က ဖော်ပြထားတဲ့ 'မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက ဆိုလာပြားနှင့် ဆိုလာလျှပ်စစ်ထုတ်စက်များ တစ်ဦးတည်းတင်သွင်းခွင့်ရရှိထားချိန် အဆောက်အအုံများအားလုံး ဆိုလာစနစ်ထည့်သွင်းရန် အမိန့်ထုတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ 'အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံက မြန်မာနိုင်ငံအတွင်းကို ဆိုလာပြားနဲ့ ဆိုလာလျှပ်စစ်ထုတ်စက်တွေ တင်သွင်းမှုမှာ အခွင့်ထူးခံရရှိထားပြီး ဆိုလာပစ္စည်းတွေကို စိတ်ကြိုက်တင်သွင်းခွင့်ရရှိနေချိန်မှာ အထပ်မြင့်အဆောက်အအုံတွေနဲ့ စီးပွားရေးအဆောက်အအုံတွေမှာ ဆိုလာစနစ်တွေ မဖြစ်မနေ ထည့်သွင်းဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း၊ စစ်တပ်လက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အဆောက်အအုံစစ်ဆေးရေးဌာနက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး ဓာတ်လှေကားပါဝင်တဲ့ အဆောက်အအုံတွေ၊ စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတွေမှာ ဆိုလာစနစ်တွေ ထည့်သွင်းတပ်ဆင်ရမှာ ဖြစ်ကြောင်း' ရေးသားဖော်ပြထားတာပါ။
ဒီသတင်းထဲမှာ NLD ခေါင်းဆောင် ၅ ဦး အသတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



