ဒုတပ်ချုပ် ကျော်စွာလင်း ရာထူးဖြုတ်ချခံရတယ်ဆိုတဲ့ သတင်းအမှား
ပြီးခဲ့တဲ့ မတ်လကုန်မှာ စတင်ရာထူး ရယူထားတဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ကျော်စွာလင်း ရာထူးဖြုတ်ချခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုတပ်ချုပ် ကျော်စောလင်း ရာထူးဖြုတ်ချခံရ။ စစ်ရုံးချုပ်အတွင်း ပွတ်လောရိုက်နေ ၊ ဗိုလ်ချုပ်တွေ အချင်းချင်း ပြသာနာတက်နေကြပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုတပ်ချုပ် ကျော်စွာလင်း ရာထူးဖြုတ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ Myanmar Now သတင်းဌာနမှာ ဇူလိုင် ၂၉ ရက်နေ့က ဖော်ပြထားတဲ့ 'ရက် ၁၀၀ မဟုတ်သည့် ရပ် ၁၀၀ စီမံကိန်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်အနေနဲ့ သမ္မတရာထူးယူပြီးတာနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတိုးတက်ရေး ဆောင်ရွက်မယ်လို့ ဆိုထားပေမယ့် လက်တွေ့မြင်နေရသည်မှာ သူ့ရဲ့ကြုံးဝါးချက်နဲ့ ပြောင်းပြန် ဖြစ်နေကြောင်း၊ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်လာပြီးနောက် နေ့စဉ်အခြေခံစားသောက်ကုန်အပိုင်းမှာ အဓိက အကျဆုံးသော အစားအစာဖြစ်တဲ့ ကြက်ဥတစ်လုံး ဈေးနှုန်းပင် ကျပ် ၇၀၀ အထိ စံချိန်တင်မြင့်တက်နေပြီဖြစ်ကြောင်း စတဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က ယိုယွင်းနေတဲ့ နိုင်ငံ့အခြေအနေကို ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဒုတပ်ချုပ် ကျော်စွာလင်း ရာထူးဖြုတ်ချခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
Myanmar Now သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



