ဒုတပ်ချုပ် ကျော်စွာလင်းကို AA ဖမ်းဆီးတယ်ဆိုတဲ့ သတင်းအမှား
ပြီးခဲ့တဲ့ မတ်လကုန်မှာ စတင်ရာထူး ရယူထားတဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ကျော်စွာလင်းကို အာရက္ခတပ်တော် AA က ဖမ်းမိပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒုတပ်ချုပ် ကျော်စောလင်း AA ဖမ်းမိ။ ကျောက်ဖြူ တေယ်မော်ဦးရေတပ် AA အပြီးသိမ်းပိုက်ပြီ ၊ အစုလိုက်အပြုံလိုက် လက်နက်ချကြန်ပြီဟေ့' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုတပ်ချုပ် ကျော်စွာလင်းကို AA ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ အမျိုးသားတစ်ဦးရဲ့ ဖေစ့်ဘွတ်ပေါ်မှာ live လွှင့်ပြီး ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ စစ်ရေးအကြောင်းတွေ ပြောဆိုထားတဲ့ အသံကို ယူပြီး အခြားဓါတ်ပုံ၊ ဗီဒီယိုကလစ်တွေနဲ့ ပြန်ဆက်ပြီး ရုပ်သံဖိုင် ပြုလုပ်ထားတာသာဖြစ်ပါတယ်။
ဒုတပ်ချုပ် ကျော်စွာလင်းကို AA ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းအရာကို အာရက္ခတပ်တော် AA ရဲ့ သတင်းပြန်ကြားရေး ချန်နယ်တွေမှာ ဖော်ပြမထားသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



